တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

ဘူးသီးတောင် စိုင်းတင်တံတားတိုက်ပွဲ ပြင်းထန်၊ ဂျက်တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စိုင်းတင်တံတားနှင့် ၎င်းတံတားအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွား‌ နေပြီး စစ်‌ကောင်စီ ဖက်မှ ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်နေကြောင်းသတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်တံတားအနီးတွင် ဇန်နဝါရီ ၂၈ ရက် နံနက်က စတင်ပြီး  ယနေ့ ဖေဖော်ဝါရီ၁ရက်နေ့ အထိ တိုက်ပွဲဖြစ်နေပြီးနံနက် ၁၁နာရီခန့်က  ဂျက်တိုက်လေယာဉ်ဖြင့်လာ ရောင်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" ဂျက်တိုက်မလာခင် ၁၅မိနစ်လောက်အလိုက ဖုန်းလိုင်းတွေပြတ်သွားတယ်။ ပြီးတော့ ဖုန်းလိုင်း ပြတ်နေတဲ့ အချိန် ဗုံးကြဲတယ်။ ဗုံးကြဲပြီးမှဖုန်းလိုင်းပြန်ရတယ်။ ဘူးသီးတောင်တပ်မဖက်ကလည်း ပစ်တယ်" ဟုပြောသည်။

ယမန်နေ့ဇန်နဝါရီ၃၁ရက်နေ့ကလည်း  ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင်  စစ်ကောင်မှ ဂျက်တိုက်လေယာဉ်များဖြင့်တိုက်ခိုက်သလို ရက္ခိုင့်တပ်တော်ကလည်း ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်သံကိုကြားရသည်ဟု၎င်းကပြောသည်။

" သူတို့ဖက်ကလည်းဗုံးကြဲတယ်။ ကိုယ့်ဖက်ကလည်း တပ်မကို ရှော့တိုက်ဒုံးနဲ့ပစ်တာ။ ငြိမ်လိုက်၊ ပစ်လိုက်ပါပဲ။ စိုင်းတင်တံတားနားက စစ်ကောင်စီတပ်က အခိုင်မာစခန်းချထားတာ။ အဲဒီစခန်းကို ကိုယ့်တပ်တော်က တက်သိမ်းနေတာ။ ပြတ်တော့ မပြတ်သေးဘူး" ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စိုင်းတင်တံတားအနီးအနားရှိ ဖုံညိုလိပ်(ရခိုင်)ရွာနှင့် မွတ်ဆလင် ကျေးရွာသားများ စစ်ဘေးရှောင်နေရသည်ဟုသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက် နံနက် (၆) နာရီ (၄၀) မိနစ်အချိန်ခန့်မှစ၍ ရက္ခိုင်ပြည်၊ ဘူးသီးတောင် မြို့နယ်၊ ကြာညိုပြင်တံတားစခန်း အနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကာ ဖေဖော်ဝါရီ၁ရက်နေ့ထိတိုက်ပွဲဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။(NN-11) 

ဆက်စပ် သတင်းများ