- Web Master
- ၁၈ အောက်တိုဘာ ၂၀၂၄
စိုးစံအောင် ၊ နိရဥ္စရာ၊ မတ် ၂၇ / ၂၀၂၄
ရခိုင်ပြည်၊ ဂွမြို့နယ်တွင် ပိုက်ဖောင်လုပ်ငန်းရှင်၏ သားဖြစ်သူ ဆယ်ကျော်သက်ကလေးငယ်ကို သတ်ဖြတ်အလောင်းဖျောက်ထားခဲ့သည့် အမျိုးသားအား ယမန်နေ့က သံတွဲမြို့နယ်ထဲတွင် ဖမ်းဆီးမိခဲ့ကြောင်းသတင်းရရှိသည်။
ဂွမြို့နယ်၊ ကင်းပုံကျေးရွာမှ အသက်(၁၃)နှစ်အရွယ် မောင်သားပုလေးအား သတ်ဖြတ်ထားခဲ့သည့် ကိုဇေယျာဦးဆိုသူကို သံတွဲမြို့နယ်၊ရေစဥ်ကျေးရွာတွင် မတ်လ ၂၆ ရက်က ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဂွမြို့မှလူမှုရေးလုပ်ကိုင်နေသူတစ်ဦးကပြောသည်။
" သူ့ကို(ဇေယျာဦး)ကို သံတွဲမြို့နယ်၊ရေစဥ်ရွာဘက်မှာဖမ်းမိတယ်လို့သိရတယ်။ အဲဒီကရွာသားတွေက သတင်းပို့ပြီးတော့ သံတွဲခရိုင်ကနေသွားဖမ်းကြတာလို့ပြောတယ်ဗျ" ဟု သူကပြောသည်။
ကိုဇေယျာဦးမှာ သံတွဲမြို့နယ် ပဒဲကောကျေးရွာဇာတိဖြစ်ပြီး မောင်သားပုလေးဖခင်၏ ကျော့ပိုက်ဖောင်တွင် မကြာသေးမီရက်ပိုင်းကမှ အလုပ်လာတောင်း၍ အလုပ်ပေးထားသူဖြစ်ကြောင်း သိရသည်။
မတ်လ ၂၁ ရက်၊ ညနေပိုင်းက မိဘများက မောင်သားပုကို ဇေယျာဦးဆိုသူနှင့်အတူ ဆပ်သွား ကျေးရွာသို့ အိုးခွက်ပန်းကန်များဝယ်ရန်လွတ်လိုက်ရာမှ ပြန်မရောက်ရှိဘဲပျောက်ဆုံးနေရာ လမ်းတွင်သတ်ဖြတ်အလောင်းဖျောက်ထားသည်ကို မတ်လ ၂၃ ရက် မနက်ပိုင်းတွင်တွေ့ရှိခဲ့သည်။
ကိုဇေယျာဦးသည် မောင်သားပုလေးကိုသတ်ဖြတ်ပြီး ဆိုင်ကယ်တစ်စီးနှင့် ငွေ ၅၀၀၀၀ ကျပ်ကိုယူသွားခြင်းဖြစ်ကြောင်း သိရသည်။
" ယူသွားတဲ့ဆိုင်ကယ်ကိုတော့ သူ့ရွာဖြစ်တဲ့ ပဒဲကောရွာမှာပဲ ပေါင်ထားခဲ့တယ်လို့သိရတယ်" ဟု ဂွမြို့မှလူမှုရေးသမားတစ်ဦးကပြောသည်။
မောင်သားပု၏အလောင်းကို ကမ်းသာသာကျေးရွာအနီးချောင်းပေါက်ထဲတွင် မတ်လ ၂၃ ရက်၊ မွန်းလွဲ ၁၂ နာရီလောက်ကတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကလေးငယ်၏ အလောင်းမှာ မှောက်လျက်အနေအထားဖြင့် အလောင်းအပေါ်မှ သစ်ရွက်များဖုံးအုပ်ထားကြောင်းဂွမြို့မှ လူမှုရေးလုပ်ကိုင်နေသူများကပြောသည်။
ကလေးငယ်၏ ညာဘက်လက်တွင်ဓားနှင့်ခုတ်ဖြတ်ခံထားရဟန်တူသည့် ပြတ်ရှဒဏ်ရာကို တွေ့ရှိရကြောင်း ပြောဆိုကြသည်။