ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် ၆ ရက်ကြာ ပျောက်ဆုံးနေသည့် စစ်ရှောင်တစ်ဦး၏အလောင်းအား တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 771

ကြိုင်ဟိန်းလင်း  နိရဉ္စရာ၊ ဇူလိုင် ၂၄ / ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နှင့် ရဟိုင်ကူးတို့ကျေးရွာကြားရှိ တိုင်ကျိုးချောင်းပေါက် ဒီရေတောအတွင်း အမျိုးသားတစ်ဦး၏ အလောင်းကို ယမန်နေ့ညနေက ဒေသခံများတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအလောင်းမှာ သံတွဲမြို့နယ်မှ စစ်ရှောင်ပြည်သူတစ်ဦးဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ ၆ ရက်ခန့် ရှိပြီဖြစ်သည်ဟု အလောင်းအား သယ်ယူဆောင်ရွက်ပေးခဲ့သည့် ဂွမြို့မှ ထာဝရမေတ္တာ နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

"သူက သံတွဲကနေ စစ်ရှောင်လာတာလို့ပြောတယ်။ ဂွမှာ ဘယ်လောက်နေခဲ့လဲ ကျနော်လည်းမသိဘူး။ ပျောက်တဲ့ရက်ကတော့ ၆ ရက်လောက်ရှိပြီလို့ပြောတယ်" ဟု ပြောသည်။

သေဆုံးခဲ့သူသည် ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာတွင် စစ်ဘေးရှောင်နေထိုင်ခဲ့ပြီး ကျန်းမာရေးလည်း မကောင်းဟု ဆိုသည်။



"သူက ရဟိုင်ကူးတို့ကျေးရွာမှာ နေခဲ့တယ်။ ကျန်းမာရေးလည်း မကောင်းဘူးလို့ သူနဲ့ နီးစပ်သူတွေက ပြောတယ်။ အလောင်းကလည်း ရုပ်ပျက်နေပြီ။ အသက်အရွယ်ဘယ်လောက်။ နာမည် စတာတွေကိုလည်း ကျနော်တို့ မမေးခဲ့ရဘူး" ဟုဆိုသည်။

၎င်းအလောင်းအား ရဟိုင်ကူးတို့ကျေးရွာ သုသာန်သို့ ယနေ့ ဇူလိုင်လ ၂၄ ရက်၊ နံနက်က ထာဝရ မေတ္တာနာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ပြီး သူနှင့်နီးစပ်သူများက သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်ကလည်း ဂွမြို့နယ်ရှိ၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် စစ်ဆေးခံရန် စောင့်နေသည့် သက်ကြီးပိုင်းတစ်ဦး အစာနင်ပြီး သေဆုံးခဲ့ရသည်။

ဓာတ်ပုံ - ထာဝရမေတ္တာနာရေးကူညီမှုအသင်း

ဆက်စပ် သတင်းများ