သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

ကျောက်တော်မှ လှုမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းအပါအဝင် ၃ ဦး၏အမှုတွင် ခံပြသက်သေ နောက်ထပ်တစ်ဦးကို စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.7k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂/၂၀၂၃


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းအပါအဝင် ၃ ဦး၏အမှုတွင် တရားခံပြသက်သေ နောက်ထပ်တစ်ဦးကို ယနေ့ရုံးချိန်းတွင် စစ်ဆေးခဲ့သည်ဟု သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ နေ့လယ် ၁ နာရီခန့်က ကျောက်တော်မြို့နယ်တရားရုံးတွင် ဦးဇော်ဝင်း၏ တရားခံပြသက်သေတစ်ဦးကို စစ်ဆေးခဲ့သည်ဟု သူတို့နှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။

“ဒီနေ့က ဦးဇော်ဝင်းရဲ့ ညီကို စစ်တယ်။ ဘယ်လိုလဲတော့ မသိဘူး။ ပုံမှန်ဆိုရင်တော့ တရားခံတစ်ယောက်မှာ ၂ ယောက်စီ စစ်ဆေးရမှာ။ အခုက ရုံးချိန်းတစ်ခါချိန်းရင် တစ်ယောက်ကိုပဲ စစ်တယ်။ ဒါတောင် ကြားမှာ ခံပြသက်သေရောက်ရဲ့သားနဲ့ မစစ်ခဲ့တာတောင်ရှိတယ်။ သပ်သပ် အချိန်ဆွဲနေတာ” ဟုပြောသည်။

ယခင် ရုံးချိန်းအချို့တွင် ခံပြသက်သေရောက်ရှိခဲ့သော်လည်း မစစ်ဆေးခဲ့ဘဲ ယနေ့ရုံးချိန်းမှသာ ဦးဇော်ဝင်း၏ ခံပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံ မိသားစုဝင်တစ်ဦးက ပြောသည်။

“အမှုကို မြန်မြန်ပြီးအောင် စစ်ဆေးပေးစေချင်ပါတယ်။ ဒီနေ့လိုမျိုး ခံပြသက်သေတွေကို နောက်ထပ်ရုံးချိန်းတွေမှာ စစ်ပေးပါ” ဟု ပြောသည်။

သူတို့ကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သိရသည်။

ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၃ ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း(၄၃)နှစ်၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်(၂၈) နှစ်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် (၅၁) နှစ်တို့ဖြစ်ကြသည်။

ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန် ၂၁ ရက်တွင် သူတို့ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ယင်းအနက် ကိုဇော်ဝင်းကို အဆိုပါနေ့ နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ကျောက်တော်မြို့အဝင် စိုက်ပျိုးရေးသိပ္ပံ လမ်းဆုံ၌ ဖမ်းဆီးသွားခြင်းဖြစ်သည်။

သူတို့ ၃ ဦးကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅(က)မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာဟလ (မမှန်သတင်း)များ ဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက် လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟု သိရသည်။

ပြစ်ဒဏ်မှာ ၃ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု သိရသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲပြင်းထန်ခဲ့
သည့် ကာလအတွင်းတွင် စစ်ကောင်စီက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် အရပ်သားပြည်သူများ ရာနှင့်ချီ၍ကို မတရားဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူများကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)/(၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ ကြီးလေးသော စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၃၁) တို့ဖြင့် တရားစွဲဆိုမှုများရှိနေသည်။ (NN-3)

ဆက်စပ် သတင်းများ