သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်တွေ လောကာနန္ဒာစေတီပရဝုဏ်အတွင်း လုံခြုံရေးတိုးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 11.5k

လောကာနန္ဒာစေတီထီးတော်တင်ပွဲသို့ စစ်ကောင်စီဥက္ကဋ္ဌလာရောက်မည်ဟု သတင်းထွက်

 

နိရဥ္စရာ၊ မတ် ၂၃ / ၂၀၂၃

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်ရှိ အထင်ကရ လောကာနန္ဒာစေတီတော်ကြီး၏ ပရဝုဏ်အတွင်း စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးတိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။

မတ်လ ၁၈ ရက်ခန့်မှစတင်ကာ ယခုကဲ့သို့ တိုးမြှင့်ချထားသည်ကိုတွေ့ရသည်ဟုလည်း မြို့ခံတစ်ဦးက ပြောသည်။

စေတီပရဝုဏ်အတွင်းမှာ စစ်သားတွေနဲ့ ရဲသားတွေက ယူနီဖောင်းနဲ့ လက်နက်အပြည့်အစုံနဲ့လည်း ရှိတယ်။ တချို့ဆို အရပ်ဝတ်နဲ့လည်း စေတီခြံဝင်းထဲက ဆိုင်လေးတွေမှာ လက်ဖက်ရည် ထိုင်သောက်နေကြတာတွေ့ရတယ်။ အင်အား ဘယ်လောက်ရှိတယ်ဆိုတာတော့ မခန့်မှန်းနိုင်ဘူးဟု ပြောသည်။

 

စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် စေတီတော်ပရဝုဏ်အတွင်းရှိ ဓမ္မာရုံများ၊ ဘုရားရင်ပြင်များနှင့် အပင်အောက်များတွင် နေရာယူထားကြသည်ဟုလည်း ဆိုသည်။


ယင်းသို့ လုံခြုံရေးတိုးမြှင့်ချထားသော်လည်း ဘုရားဖူးဧည့်သည်များကို စစ်ဆေးမှုများမရှိဟုလည်း မြို့ခံများက ပြောသည်။

လောကာနန္ဒာစေတီတော်ကြီးသည် ရဲနွယ်စုရပ်ကွက်ရှိ မေယုလမ်းနှင့် သတ္တဌာနလမ်းထောင့်တွင် တည်ရှိသည်။

၁၉၉၉ ခုနှစ်၊ မတ်လ ရက်တွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေက တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်လည်းဖြစ်သည်။

စေတီတော်ကြီး၏အမြင့်မှာ ၁၆၂ ပေရှိပြီး ရင်ပြင်တော်အကျယ်မှာ ၄၅၉ ပေရှိကာ အရံစေတီတော် ဆူနှင့် မုခ်ပေါက်ဝ ခုရှိသည်။

လက်ရှိတွင် စေတီတော်အား ရွှေသင်္ကန်းကပ်နေပြီး ရွှေသင်္ကန်းကပ်ပြီးသည်နှင့် ထီးတော်တင်ပွဲကိုလည်း ပြုလုပ်ရန်ရှိသည်ဟု သိရသည်။

ထီးတော်တင်ပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်ပြီး ထီးတော်တင် ဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်ချထားခြင်း ဖြစ်နိုင်သည်ဟုလည်း မြို့ခံများက ပြောဆိုနေကြသည်။

လောကာနန္ဒာစေတီတော်မြတ်ကြီး ထီးတော်တင်ပွဲသို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်နိုင်သည်ဟုလည်း နောက်ထပ် မြို့ခံ သက်ကြီးတစ်ဦးက မှတ်ချက်ပြုသည်။

သူ လာနိုင်ပါတယ်။ ဘာကြောင့်ဆို ဟိုတလောက သူ စစ်တွေကိုရောက်ခဲ့တုန်းကလည်း စေတီတော်ပြုပြင်မွမ်းမံနေတာတွေနဲ့ ရွှေသင်္ကန်းကပ်နေတာတွေကိုသွားကြည့်ပြီး လိုအပ်တာတွေကို လမ်းညွှန်မှာကြားခဲ့သေးတယ်။ အခုက ဒီဘက်မှာလည်း စစ်ရေးပဋိပက္ခတွေမရှိတော့ ရွေးကောက်ပွဲ အတွက် မဲဆွယ်တဲ့သဘောနဲ့လည်း ထီးတော်တင်ပွဲကို သူ လာနိုင်ပါတယ်ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် လောကာနန္ဒာစေတီတော်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သိန်းခိုင်အား နိရဥ္စရာက ဆက်သွယ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကိုသာ မေးပါဟု ဖြေဆိုသည်။

ဆက်လက်ပြီး ဦးလှသိန်းအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

သို့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လာမည်ဟု သတင်းထွက်နေမှုအပေါ် နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။


ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က စစ်တွေသို့ရောက်ရှိသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လောကာနန္ဒာစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ခဲ့သလို စစ်တွေရှိ အိန္ဒိယဆိပ်ကမ်းနှင့် စစ်တွေကန်တော်ကြီးရေခမ်းခြောက်နေမှုတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။

 

ယင်းအပြင် စစ်တွေနှင့် အမ်းတပ်နယ်တို့ရှိ တပ်မိသားစုများကိုလည်း သွားရောက်တွေ့ဆုံခဲ့ပြီး စစ်တွေရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနှင့်လည်း ဦးဥတ္တမခန်းမတွင် တွေ့ဆုံခဲ့သည်။

 

အလားတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်ကလည်း သံတွဲမြို့နယ်၊ ငပလီကမ်းခြေတွင်ကျင်းပသည့် မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့လည်း တက်ရောက်ခဲ့သေးသည်။ (NN-16)

 

ဓာတ်ပုံ - စစ်တွေ လောကာနန္ဒာစေတီတော်ခြံဝင်းရှိ လုံခြုံရေးတိုးမြှင့်ချထားသည်ကို မတ်လ ၂၂ ရက်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ