သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးအပါအဝင် အနည်းဆုံး ထိပ်ပိုင်း အရာရှိ (၅)ဦး နေပြည်တော်တွင် ဖမ်းဆီးခေါ်ဆောင် စစ်ဆေးခံနေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) စစ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် အပါအဝင် မပခ၏ အနည်းဆုံး ထိပ်ပိုင်းအရာရှိ (၅)ဦးကို စစ်ကောင်စီရုံးချုပ်ရှိရာ နေပြည်တော်သို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးနေကြောင်း တပ်တွင်း သတင်းအရင်းမြစ်က ပြောသည်။

ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခံနေရသူများသည် မပခ တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်၊ ဒုတပ်ရင်းမှူး အောင်နိုင်ဦး၊ နယ်လုံ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ဖားကန့်မြို့ အထူးကွပ်ကဲ ရေးတာ၀န်ခံ တပ်မ (၃၃) တပ်မမှူး ကိုကိုလွင်နှင့် ဂန့်ဒေါင်ယာန်ဒေသ အထူးကွပ်ကဲ ရေးတာ၀န်ခံ တပ်မ (၈၈) မှတပ်မမှူး ဗိုလ်မှူးကြီးစိုးထွဋ်တို့ ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

စစ်ကောင်စီ၏ ရုံးချုပ် နေပြည်တော်မှ ၎င်းတို့အားလုံးကို ဇူလိုင်လ ၁၃ ရက်နေ့က ကချင်ပြည်နယ် အတွင်း လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အေး အဲ့ဒါဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုတာတော့ စစ်တပ်အသုံးအနှုန်းအရ အကြမ်းဖျင်းအာဏာာ ဖီဆန် လို့ပေါ့။ ဘယ်သူတွေပါလဲဆိုတော့ သိထားပြီးလောက်ပြီပေါ့ သတင်းတွေလဲ ပြန့်နေပြီလေ”ဟု ၎င်းတို့ ဖမ်းဆီးခံရမှုအပေါ် တပ်တွင်း သတင်းအရင်းမြစ် တစ်ဦးက ပြောသည်။

၎င်းတို့သည် ကချင်ပြည်နယ်အတွင်း အထူးစစ်ဆင်ရေးများ ပြုလုပ်ရာတွင် သတင်းပေါက်ကြားမှု၊ အမိန့် အာဏာ ဖီဆန်မှု၊ KIO/ KIA နှင့် ပူးပေါင်းလုပ်ကိုင်မှုများကြောင့် ဖမ်းဆီးခေါ်ဆောင် စစ်ဆေးခံ နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကိုကိုမောင်သည် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တိုင်းမှူးနေ ရာမှ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်က မပခ သို့ ပြောင်း‌ရွှေ့တာဝန်ပေးအပ်ခံခဲ့ရသူ ဖြစ်သည်။ (NN – 25)

ဓာတ်ပုံ - မပခ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် (လူမှုကွန်ယက်)

ဆက်စပ် သတင်းများ