သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ လက်ခတ်တောင်တာဝါတိုင်စခန်း KNLA ပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2.9k

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းအား KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ခတ်တောင် တောင်ကြော တစ်ခုလုံး ထိန်းချုပ်ထားကြောင်း Cobra Column တပ်ခွဲ - ၄ က ပြောသည်။

အဆိုပါစခန်းကုန်းအား တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings ပူးပေါင်းအဖွဲ့တို့မှ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် (၆)နာရီက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ စခန်းကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် (၆)နာရီတွင် သိမ်းပိုက် ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်နေ့ ညပိုင်းတွင် Cobra Column တပ်ခွဲ - ၄ က ပြည်သူများထံ ထုတ်ပြန်အသိပေးထား ကြောင်း တွေ့ရှိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ (၁၁၈)နှင့် ခလရ (၈) တို့မှ တပ်သားများ သေဆုံးမှုများရှိခဲ့ပြီး သေဆုံးစာရင်းအား မသိရှိရသေးပေ။


၎င်းစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီ ထံမှ ဆက်သွယ်ရေးစက်(၁)လုံး၊ 60mm(၁၆)လုံး၊ ရှေ့ထွက်မိုင်း(၆)လုံး၊ ကားမိုင်း(၉)လုံး၊ Jammer စက်(၂)လုံး၊ မိုင်းရှာစက်(၂)လုံး၊ စက်လက်ပြောင်း (၁)ပြောင်း၊ ကွန်မန်ဒို 60mmပြောင်း(၂)လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထိုအပြင် 40mm(၉) လုံး၊ G3ကျည်ဘောက်(၄)ခု၊ MAကျည်ဘောက်(၂)ဘောက်၊ စစ်ခမောက်(၈)လုံး၊ RPG ပို့ယမ်း(၃)တောင့်၊ RPG သီး(၁)လုံး၊ 7.62ကျည်(၁၈၈၀)တောင့်၊ 5.56ကျည်(၃၀၂)တောင့်တို့ ကိုလည်း သိမ်းဆည်းရမိခဲ့သေးကြောင်း သိရှိရသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော် (၆) ဦး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်ခဲ့ပြီး စခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု Cobra Column တပ်ခွဲ - ၄ က ထုတ်ပြန် ပြောဆိုထားသည်။ (NN – 25)

ဓာတ်ပုံ - စစ်ကောင်စီ၏ လက်ခတ်တောင် တာ၀ါတိုင်စခန်းမှ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ (Cobra Column တပ်ခွဲ ၄)

ဆက်စပ် သတင်းများ