သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့သည့် AA တပ်ဖွဲ့ဝင်ဆိုသူမှာ ၎င်းတို့တပ်ဖွဲ့ဝင်မဟုတ်ဟု ဦးခိုင်သုခပြော


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3.1k

သြဂုတ်လ ၁ ရက်က စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးသူ  ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်ဆိုသူမှာ ၎င်းတို့၏တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာကို ပြောဆိုသည်။

“ကျနော်တို့ ULA/AA အဖွဲ့ဝင်မဟုတ်ပါ။ သာမန် အရပ်သားပြည်သူတစ်ယောက်ပါ။”

ယမန်နေ့က AA အဖွဲ့ဝင်ဟုဆိုကာ လွတ်မြောက်လာသူကိစ္စနှင့်ပတ်သက်၍ နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ဦးခိုင်သုခက ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ယမန်နေ့က ကျရောက်ခဲ့သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် ထောင်ကျနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ရာ နံပတ်  (၂၂) တွင်  သတ/၂၃/၀၀၃၈၉/က အောင်နိုင်မြင့် (ဘ) ဦးချစ်မောင်၊ AA လက်နက်ကိုင်အဖွဲ့ ဟု ဖော်ပြထားသည်။

AA အဖွဲ့ဝင်ဟုဆိုကာ စစ်ကောင်စီက လွှတ်ပေးခဲ့သောသူမှာ သံတွဲမြို့နယ်မှ ဦးအောင်နိုင်မြင့်(ဘ) ဦးချစ်မောင် ဖြစ်ပြီး သံတွဲအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ဦးအောင်နိုင်မြင့်သည် မည်သည့်အချိန်က မည်ကဲ့သို့ဖမ်းဆီးခံရကာ မည်သည့်ပုဒ်မဖြင့် တရားစွဲထောင်ချခံခဲ့ရသည်ကို တစ်စုံတစ်ရာစစ်ကောင်စီဘက်ကလည်း ထုတ်ပြန်မှု မရှိဟု သိရသည်။

လွတ်လာသူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးအထဲတွင် မြန်မာအမျိုးသား မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) မှ ၂ ဦး၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ ၁၆ ဦး၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) မှ ၃ ဦး နှင့် ရက္ခိုင့်တပ်တော် (AA)မှ တစ်ဦးဟု ဖော်ပြထားသည်။

ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများကိုလည်း အမှုမှလွှတ်ပေးရန် ထုတ်ပြန်ခဲ့သော်လည်း ရခိုင်တွင် ယနေ့နံနက်အထိ AA နှင့်ဆက်စပ်ကာ အမှုရင်ဆိုင်နေရသူတစ်ဦးတစ်ယောက်မှ လွတ်မြောက်လာခြင်းမရှိခဲ့သေးဟု သိရသည်။

ယမန်နေ့က စစ်ကောင်စီသည် မြန်မာနိုင်ငံမှ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးတို့ကို ပြစ်ဒဏ် လျှော့ပေ့ါကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု သိရသည်။

ထို့အပြင် နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ထောင်သက်တမ်းအနည်းငယ်ကိုလျော့ပေါကာ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။

နိုင်ငံခြားသား အကျဉ်းသူ/သား ၁၂၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။

 

ဓာတ်ပုံ - သံတွဲအကျဉ်းထောင်အား တွေ့ရစဉ်။

ဆက်စပ် သတင်းများ