သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

AAနှင့် ဆက်စပ်သံသယဖြင့် ဆက်လက်ဖမ်းဆီးခံထားရသူ ချင်းအမျိုးသား သိက္ခာတော်ရ ခရစ်ယာန်ဆရာတစ်ဦး၊ ဒိုင်းနက်နှင့် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို အမြန်ဆုံးလွှတ်ပေးရန် မိသားစုများတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

စစ်ကောင်စီမှ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီး၍ တရားစွဲဆိုခံနေရသူ ၆၂ ဦးကို  ဝါဆိုလပြည့်နေ့ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးခဲသော်လည်း မလွတ်လာသူ ၁၀၀ ကျော် ကျန်ရှိနေသေးပြီး ထိုအထဲက ချင်းအမျိုးသား သိက္ခာတော်ရခရစ်ယာန်ဆရာတစ်ဦး၊ ဒိုင်းနက်နှင့် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို အမြန်ဆုံးလွှတ်ပေးရန် မိသားစုများတောင်းဆိုလိုက်သည်။

 

အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာမှ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံနေရသူ ချင်းအမျိုးသား ဦးအောင်ဆန်း၏ မိသားစုဝင်တစ်ဦးက “သူက အခု လွတ်ငြိမ်းချမ်းသာအထဲမှာလည်းမပါတော့ အမေတစ်ယောက်က လုံးဝအိမ်ယာထဲ ဘုန်းဘုန်းလဲနေပါတယ်။ ကျနော်တို့လည်း စိတ်မကောင်း ဖြစ်နေပါတယ်။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်”ဟု ပြောသည်။

ဦးအောင်ဆန်းမှာ အမ်းမြို့နယ်မှ AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံရသူ ၆ ဦးအနက် ပထမဆုံး ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

သူသည် အမ်းမြို့နယ်ရှိ သုခမြန်မာအသင်းတော်မှ သိက္ခာတော်ရ ခရစ်ယာန်ဆရာတစ်ဦးဖြစ်သလို ချင်းအမျိုးသားအရပ်ဆေးဆရာတစ်ဦးလည်း ဖြစ်သည်။

သူ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် နေအိမ်သို့ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။  

ဦးအောင်ဆန်းမှာ ဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သလို နိုင်ငံရေးနှင့်လည်း ပတ်သက်မှုမရှိ၍ အမြန်ဆုံး ပြန်လွှတ်ပေးရန် အသင်းတော်ကလည်း တောင်းဆိုထားသည်။

အမ်းတွင် ဦးအောင်ဆန်းအပါအဝင် AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံခဲ့ရသူ ၆ ဦးအနက် ဦးအောင်ဆန်းမှအပ ကျန် ၅ ဦးမှာ သြဂုတ် ၁ ရက်က စစ်ကောင်စီ၏လွတ်ငြိမ်းခွင့်အမိန့်ထဲ၌ ပါဝင်သွား၍ လွတ်မြောက်သွားကြပြီဟု သိရသည်။

အလားတူ AA နှင့် ဆက်စပ်သံသယဖြင့် ပုဒ်မ ၁၇(၁)နှင့် ၁၇(၂)တို့ဖြင့် စွဲချက်တင်ခံထားရသည့် ဘူးသီးတောင်မြို့နယ်မှ တပ်မင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးကျော်လှ (၆၆)နှစ်၏သားဖြစ်သူ ကိုကျော်ဝင်းကလည်း သူ့ဖခင်အပါအဝင် တရားစွဲခံနေရဆဲ ရခိုင်ပြည်သူများကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

“ကိုယ့်အဖေတစ်ယောက်တည်းကိုပဲ လွတ်စေချင်တာမဟုတ်ဘူး။ ရခိုင်ပြည်ထဲမှာ ကိုယ့်ရခိုင်သူ၊ ရခိုင်သားတွေ အားလုံးလွတ်မြောက်အောင် အမြန်ဆုံး လွတ်စေချင်ပါတယ်။ အခု လွတ်မြောက်သွားသူတွေ အတွက်ကိုလည်း အရမ်း ဝမ်းသာမိပါတယ်”ဟု ပြောသည်။

ဦးဦးကျော်လှသည် ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းစျေးမွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်း(၆ဝ)နှစ်နှင့်အတူ ပုဒ်မ ၂ ခုဖြင့် မြို့နယ်တရားရုံးတွင် စွဲချက်တင်ခံထားရသူဖြစ်သည်။

သူတို့နှစ်ဦးသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ဘူးသီးတောင်မြို့နယ် အခြေစိုက် (၂၃၄)ဗျူဟာက ခေါ်ယူမှုကြောင့် သွားရောက်စဉ် (၂၃၄) ဗျူဟာအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် AA အား ထောက်ပံ့ကြေးကောက်ခံပေးဆောင်သည်ဟုဆိုကာ ဘူးသီးတောင် စစ်ကောင်စီတပ် အရာရှိတစ်ဦးက တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခဲ့သည်။

စတင်တရားစွဲဆိုခဲ့ချိန်က ပုဒ်မ ၁၇(၁)တစ်ခုတည်းဖြင့်သာစွဲဆိုခဲ့သော်လည်း စွဲချက်တင်သည့်အခါ ပုဒ်မ ၁၇(၂)ပါ ပူးတွဲပါဝင်ခဲ့သည်။

သူတို့နှစ်ဦးကို သြဂုတ်လ ၈ ရက်တွင် ရုံးချိန်းခေါ်ယူထားသည်ဟုလည်း သိရသည်။

ယခုလွတ်မြောက်မှုမရှိသေးသည့် ရခိုင်ပြည်သူ ၁ဝဝ ကျော်ထဲတွင် ကျောက်တော်မြို့မှ ဦးဇော်ဝင်း ကဲ့သို့သော လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်သည်ဟု သိရသည်။ (NN-16, NN-7)

ဆက်စပ် သတင်းများ