စနေ၊ ဇူလိုင်လ ၆ရက်၊ ၂၀၂၄

ထန်တလန်မြို့ရှိ စစ်ကောင်စီစခန်း ၄ ခုကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ ဝင်တိုက်


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

စ်ကောင်စီ ဗိုလ်မှူးအပါအဝင် ၃၀ ကျော် သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်မှလည်း ၁၃ ဦး ကျဆုံးခဲ့ဟုဆို

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်၏ ခြေကုပ်စခန်း ၄ ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၃၀ ကျော် သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်မှလည်း ၁၃ ဦး ကျဆုံးခဲ့ရကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)ပြောခွင့်ရသူ ဆလိုင်းထက်နီက နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ချင်းအမျိုးသားတပ်မတော် (CNA)CDF-HakhaCDF-ThantlangCDF-ZopheiCDF-Zanniatram နှင့် CDF-Hualngoram စသည့် ပူးပေါင်းတပ်ဖွဲ့များက ၎င်းတပ်စခန်းလေးခုကို ဩဂုတ်လ ၂၈ ရက်၊ နံနက် ၆ နာရီခန့်မှစကာ တပြိုင်တည်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး ကျော်စိုးမင်းအပါအဝင် ၃၀ ကျော် သေဆုံးခဲ့ပြီး ဟားခါးဆေးရုံ၌ ဆေးကုသခံယူနေရသူများထဲမှလည်း ထပ်မံသေဆုံးသူများ ရှိနေကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)ပြောခွင့်ရသူ ဆလိုင်းထက်နီက ဆက်လက်ပြောဆိုသည်။

တိုက်ပွဲကပြင်းထန်ခဲ့လို့ နှစ်ဖက်သေဆုံးထိခိုက်တာတွေ အတော်လေးများခဲ့ပါတယ်။ သူတို့ဘက်က ထိခိုက်တာပိုများခဲ့တယ်။ ဒါတောင်မှ သူတို့ဖက်က လက်နက်ကြီးတွေနဲ့ရော၊ ဂျက်ဖိုက်တာတွေနဲ့ရော ပစ်သေးတယ်" ဟု ပြောသည်။

စစ်ကောင်စီတပ်က ဟားခါးမြို့မှ လက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ကာ စစ်ကား သုံးစီးကိုလည်း စစ်ကူအနေဖြင့် စေလွှတ်ခဲ့သည့်အပြင် လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

လက်ရှိတွင် ထန်တလန်မြို့၌ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းလေးခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းယူနိုင်ခြင်း မရှိသေးကြောင်း CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ထန်တလန်မြို့က စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီတပ်သား နှစ်ဦးကိုပါ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ထားသည်။

Photo - CDF

 

ဆက်စပ် သတင်းများ