သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တရွန်အိုင်ရွာဟောင်း မီးလောင်နေ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.9k

ရက္ခိုင့်တပ်တော်(AA)ကသိမ်းပိုက်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ပလက်၀မြို့နယ် တရွန်အိုင်ကျေးရွာ အနီးကို စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ဗုံးကြဲ ိုက်ခိုက်သဖြင့် တရွန်အိုင်ရွာဟောင်း (ခေါ်) တရွန်အိုင်အောက်ရွာ မီးလောင်နေသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီတပ်မှ ယနေ့ဒီဇင်ဘာလ ၂ရက်၊ နေ့လယ် ၃နာရီခွဲအချိန်ခန့်က လေကြောင်းဂျက်လေယာဥ် ၂စီးဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် တရွန်အိုင်ရွာဟောင်း(တရွန်အိုင်အောက်ရွာ)ဘက်ကို ဗုံးချ တိုက်ခိုက်ခြင်းကြောင့် ဗုံးများကျရောက်ပေါက်ကွဲ၍ မီးလောင်နေခြင်းဖြစ်သည်ဟု သိရသည်။

 

"စစ်တပ်က ဂျက်လေယာဥ်နှစ်စီးနဲ့ဗုံးချတာ တရွန်အိုင်ရွာဟောင်း မီးလောင်နေတယ်။ မီးလောင်နေတာကတော့ ဘယ်သူမှငြိမ်းမယ့်သူမရှိဘူး။ မီးလောင်နေဆဲပါ" ဟု ဒေသခံတစ်ဦးကပြောသည်။

 

တရွန်အိုင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော တရွန်အိုင်ဗျူဟာကုန်းနှင့် နှုးဘူးဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့သည့်  နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

 

ယင်းသို့ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲပြင်းထန်နေ၍ တရွန်အိုင်ရွာသစ်နှင့် တရွန်အိုင်ရွာဟောင်းမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ထွက်ပြေးရှောင်တိမ်းနေကြရခြင်းဖြစ်သည်။

 

ထိုသို့ထွက်ပြေးရှောင်တိမ်းနေကြရ၍ မီးလောင်နေသည့် တရွန်အိုင်ရွာဟောင်း (တရွန်အိုင်အောက်ရွာ)ကို မီးငြိမ်းမည့်သူမရှိဘဲ ဖြစ်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

 

"ရွာသားတွေက ထွက်ပြေးနေကြလို့ မီးငြိမ်းမယ့်သူမရှိဘူး။ စစ်တပ်ကလေကြောင်းနဲ့ ဗုံးချပြီးတော့ နောက်ထပ် ဟိုက်စကီးတစ်စီးနဲ့ ရိက္ခာလာချတာလားမသိဘူး။ ဟိုက်စကီးတစ်စီးလည်း ရောက်လာတာကို မြင်လိုက်တယ်" ဟု ပြောသည်။

 

တရွန်အိုင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရန် အပြင်းအထန် တိုက်ခိုက်နေပြီး ဒီဇင်ဘာလ ၁ရက်နေ့က တိုက်ပွဲပြင်းထန်နေကာ တချို့ အရပ်ဘက် သတင်းများတွင်  တရွန်အိုင် စစ်ကောင်စီဗျူဟာစခန်းကို ဒီဇင်ဘာ ၂ ရက် နံနက် ၅ နာရီခန့်က အေအေကသိမ်းပိုက်လိုက်ပြီဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းများ ထွက်ပေါ်နေသည်။

 

သို့သော် နိရဉ္စရာအနေဖြင့် တရွန်အိုင်စခန်းကျသွားမှု အပေါ် သီးခြား အတည်ပြုချက်တော့ ရယူနိုင်ခြင်းမရှိပါ။

 

စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့်ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ရက်နေ့ကလည်း တရွန်အိုင်ကျေးရွာနှင့် ၂မိုင်ခန့်ကွာဝေးသော မီးဇာစစ်ဘေးရှောင်စခန်းသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲ၍ ဒေသခံစစ်ဘေးရှောင်(၉)ဦးမှာ ဒဏ်ရာရရှိသွားခဲ့သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် တရွန်အိုင်ကျေးရွာမှ ဒေသခံ ၄ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။(NN-12)


ပုံစာ- တရွန်အိုင်ကျေးရွာအား တိုက်ပွဲမဖြစ်ခင်ကာလ တွေ့ရစဉ်။

ဆက်စပ် သတင်းများ