သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

မင်းပြားမြို့အနီး ၅၄၁ တပ်က လမ်းသွားလမ်းလာများ၊ ဆိုင်ကယ်များနှင့် စက်လှေများကို လက်နက်ငယ်များဖြင့် လှမ်းပစ်နေ


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

ရခိုင်ပြည်နယ်၊ မင်းပြားအနီးရှိ မယ်တော်တောင်တွင် တပ်စွဲထားသည့် ခမရ ၅၄၁ တပ်မှ စစ်ကောင်စီတပ်သားများသည် လမ်းသွားလမ်းလာများ၊ ဆိုင်ကယ်များနှင့် စက်လှေများကို လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်နေသည်ဟု မြို့ခံများက ပြောသည်။

ယနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် ၉ နာရီခွဲခန့်မှစတင်ကာ မယ်‌တော်တောင် အနီးအနားမှ သွားလာသည့် ဆိုင်ကယ်များနှင့် ငါးတန်ပျင်းချောင်းအပါအဝင် မင်းပြားမြစ်အတွင်း သွားလာနေသည့် စက်လှေများအား စက်သေနတ်ဖြင့် လှမ်းပစ်နေကြောင်း မြို့ခံများက နိရဉ္စရာကိုပြောသည်။

သူတို့က ဆိုင်ကယ်လို့မဟုတ်ဘူး။ စက်‌လှေတွေကိုလည်း ပစ်ပါတယ်။ အရင်နေ့တွေကလည်း မြို့ထဲတွေကို ပစ်ပါတယ်။ အရင်နေ့တွေက ထိခိုက်ဒဏ်ရာရရှိသူတွေတော့ ရှိပါတယ်။ ဒီနေ့တော့ မကြားမိသေးဘူး။ ရပ်လိုက်၊ ပစ်လိုက် လုပ်နေတာ” ဟုပြောသည်။

ခမရ ၅၄၁ စစ်ကောင်စီတပ်သည် မင်းပြားမြို့၏ တောင်ဘက်အစွန်ဆုံး ၁ မိုင်ခန့်အကွာရှိ မယ်တော်တောင်ခြေရင်းနှင့် တောင်ပေါ်တွင် တပ်ခွဲချထားခြင်းဖြစ်ပြီး တောင်ပေါ်၌ ဗုံးခိုကျင်းများတူးကာ ပြည်သူများကို ပစ်ခတ်နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။

မယ်တော်တောင်ခြေရင်းမှာ တပ်ထိုင်ထားတာ။ သူတို့က တောင်ပေါ်တက်ပြီး ဗုံးခိုကျင်းတွေတူးပြီး အထိုင်ပစ်နေကြပါတယ်။ ငါးတန်ပျင်းချောင်းမှာ သွားလာနေတဲ့ စက်လှေတွေကိုလည်း စက်သေနတ်နဲ့ ပစ်ပါတယ်။ မနေ့ကလည်း အဲဒီနားမှာရှိတဲ့ ဆန်စက်တစ်လုံးကိုလည်း စက်နှိုးလို့ လှမ်းပစ်သေးတယ်။ အထိအခိုက်တော့ မရှိဘူး” ဟုပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၅ ရက်ကလည်း အဆိုပါတပ်က လမ်းသွားလမ်းလာများကို သေနတ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် မင်းပြားမြို့ထဲရှိ ရဲစခန်းရှေ့၊ ကိုးရီးယားလမ်းဆုံ၊ မင်းကန်နှင့် မြောင်းဘွေလမ်းတို့တွင်လည်း မကြာမကြာ ပစ်ခတ်မှုများရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

မင်းပြားမြို့တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ယခုကဲ့သို့ ရမ်းသန်းပစ်ခတ်နေသည့်အတွက် ဒေသခံများ စိုးရိမ်ကြောင့်ကြနေကြသည်ဟု သိရသည်။

လက်ရှိတွင် မင်းပြားမြို့ခံအများစုမှာလည်း ဘေးလွတ်ရာကို တိမ်းရှောင်မှုများရှိနေသည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ