သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

မြောက်ဦးတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.7k

(မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေ)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယနေ့ နံနက်က မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောကြသည်။

ယနေ့ ဒီဇင်ဘာ ၆ ရက် နံနက် ၁၁ နာရီခန့်တွင် မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေ လမ်းဆုံအနီးတွင် စစ်ကောင်စီတပ်သားများကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးရှိကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

 

"ကျောက်ရာဇ်ကေ လမ်းဆုံနားမှာ မနက်က စစ်တပ်မိုင်းဆွဲခံရတယ်။ မိုင်းဆွဲခံရတဲ့အချိန်မှာလည်း ကျောက်ရာဇ်ကေ လမ်းဆုံက သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေရှိခဲ့ပါသေးတယ်။ မိုင်းဆွဲခံရလို့ စစ်သား ၄ ယောက်လောက်သေပြီး ဒဏ်ရာရသွားတာ ၆ ယောက်ရှိတယ်" ဟု ပြောသည်။

ယခုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မြောက်ဦးရှိ စစ်ကောင်စီတပ်ရင်းများက ညနေ ၃ နာရီကျော်တွင် လက်နက်ကြီးများပစ်ခတ်နေပြီး ငွေတောင်ပေါက်နှင့် ကျောက်ရာဇ်ကေ လမ်းဆုံတို့မှလည်း လက်နက်ငယ်ပစ်ခတ်မှုများရှိနေသည်ဟု နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။

"အခုမြို့ထဲမှာ စစ်ကြောင်း လှည့်နေပါတယ်။ ကျနော်တို့ရှေ့က ဖြတ်သွားတာက စစ်သား ၅၀ လောက်ရှိတယ်။ သူတို့ ခွဲပြီး လှည့်လည်တာမျိုးရှိပါတယ်။ အခုထိပစ်နေတုန်းပါ။ ဒီ ၃ ရက်အတွင်းမှာ ဒီနေ့က ပစ်ခတ်မှုအများဆုံးပါ" ဟု
  ပြောသည်။ 


ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က မြောက်ဦးမြို့အတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများ ဆက်တိုက်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း မြို့ကိုလှည့်ပတ်ကာ ပစ်ခတ်မှုများရှိခဲ့ကြောင်း မြို့ခံများက ပြောကြသည်။ 

 

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ