သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီကပစ်ခတ်သည့် လက်နက်ကြီးကျည်များ မြောက်ဦးမြို့နယ်က ကျေးရွာများအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3k

မြောက်ဦး အခြေစိုက် တပ်ရင်း ခမရ (၃၇၇) နှင့်ခမရ(၅၄၀)မှ 120 မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကျေးရွာများနှင့် အနီးတဝိုက်တွင် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုများရှိနေကြောင်း သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ၎င်းတပ်ရင်းများ ပုရိန်ကျေးရွာနားတွင် ကျရောက်ပေါက်ကွဲပြီး နောက်ထပ်တစ်လုံးမှာ ရှောက်ပုံကျွန်းရွာနားတွင်ပေါက်ကွဲခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောဆိုသည်။

 “ ပစ်တာက မနက်လင်းကတည်းပစ်နေတယ်လို့ ပြောလို့ရပါတယ်။  မနက် ၁၁ နာရီ မိနစ် ၄၀ ခန့်မှာ ပုရိန်ရွာနားမှာတစ်လုံး၊ နောက်ထပ်တစ်လုံးက ရှောက်ပုံကျွန်းရွာအနားမှာ ပေါက်ကွဲပါတယ်။ သူတို့ (မြန်မာစစ်တပ်)က ထိချင်ရာထိ ပုံစံမျိုး ရမ်းသန်းပစ်ခတ်ပုံရပါတယ်”ဟု ပြောသည်။

 

ကျေးရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တစ်စုံတစ်ရာထိခိုက်မှု မရှိဟု သိရသည်။

 

နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်း အဆိုပါ တပ်ရင်းများက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်နှစ်လုံးသည် ညောင်ပင်ဝိုင်းရွာ အနောက်ဘက် ချောင်းကမ်းနား၌ ကျရောက်ပေါက်ကွဲခဲ့သည်ဟု  နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

 

၎င်းပြင် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ၃ လုံးမှာ မပေါက်ကွဲခဲ့သော်လည်း ၁၂ နာရီခွဲခန့်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် နှစ်လုံးမှာ ပရိန်ရွာနှင်  ဇဂ်လကုန်းရွာကြားတွင်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက တဆင့် သိရသည်။

 

နေ့လယ် ၁၂ နာရီ မိနစ် ၅၀ ခန့်တွင်လည်း လက်နက်ကြီးကျည် နှစ်လုံးပစ်ခဲ့ကြောင်း၊ မည်သည့်နေရာသို့ ကျရောက်သွားသည်ကို မသိရကြောင်း ပြောကြားသည်။

 

နေ့လယ် ၁ နာရီခန့်တွင်လည်း တပ်ရင်း ခမရ (၃၇၇) နှင့်ခမရ(၅၄၀)မှ 120မမ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ရာ (ဘိုးတော်ကွင်း) အနားတွင် ပေါက်ကွဲပြီး နောက်ထပ် လက်နက်ကြီးကျည် ၄ လုံးမှာ ပုရိန်(မူဆလင်)ကျေးရွာ တောင်ကုန်းနားတွင်ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ