သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား “ယာယီအပစ်အခတ်ရပ်စဲရေး” သဘောတူညီမှုရရှိအောင် တရုတ်ကကြားဝင်ညှိနှိုင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.9k

စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ် နယ်စပ်အနီး ဖြစ်ပွါးနေသော တိုက်ပွဲများ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ-၁၄ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ မကြာမီက ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးမှုက ယာယီအပစ်အခတ်ရပ်စဲရေး နဲ့ နှစ်ဖက်တွေ့ဆုံမှု အရှိန်အဟုန် ဆက်ထိန်းထားရေးအပါအဝင် သဘောတူညီချက် အများအပြားကို ရရှိခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး မော်နင်း၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် တနင်္လာနေ့က စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် “ အပြုသဘောဆောင်သော ရလဒ်များ” ရရှိခဲ့သည်ဟု တရုတ်နိုင်ငံက ထုတ်ဖော်ပြောကြားခဲ့သော်လည်း “ အပစ်အခတ်ရပ်စဲရေး” ကိစ္စကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

“ မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ထင်ထင်ရှားရှား လျော့ကျလာနေပါပြီ” “ ဒါဟာ ပါဝင်ပတ်သက်နေကြသူအားလုံးရဲ့ အကျိုးအတွက်သာမက တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေး နဲ့ ငြိမ်းချမ်းရေးကိုပါ အာမခံချက်ပေးနိုင်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား အဓိက လက်နက်ပံ့ပိုးနေသည့် မဟာမိတ်နိုင်ငံဖြစ်သော်လည်း ပြီးခဲ့သည့်လများအတွင်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား ပြစ်မှုကျူးလွန်နေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများကို မြန်မာစစ်ကောင်စီက အရေးယူနှိမ်နင်းခြင်းမရှိသည့် ကိစ္စနှင့်ပတ်သက်ပြီး ဆက်ဆံရေးယိုယွင်းခဲ့သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူများ၏ အဆိုအရ တရုတ်နိုင်ငံသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ကောင်းမွန်သော ဆက်ဆံရေး ထိန်သိမ်းထားသလို တိုင်းရင်းသားများနှင့်လည်း ယဉ်ကျေးမှုချင်း နီးစပ်သည်။

တရုတ်နယ်စပ်ရှိ တိုင်းရင်းသားများသည် တရုတ်ယွမ်ငွေကို သုံးစွဲသလို တရုတ်နိုင်ငံ၏ တယ်လီဖုန်းကွန်ယက်ကိုပင် အသုံးပြုကြသည်။

မဟာမိတ်ညီနောင်သုံးဖွဲ့၏ ရှမ်းပြည်မြောက်ပိုင်း စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ပြီးခဲ့သည့်လက ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ရှားရှားပါးပါး တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခု ဖြစ်ပွါးခဲ့ရာ ထိုဆန္ဒပြပွဲကို နောက်ကွယ်မှ စီစဉ်ပေးသူမှာ မြန်မာစစ်ကောင်စီဖြစ်သည်ဟု သုံးသပ်သူတချို့က ဆိုသည်။ NN-27

ref: CAN

 

ဆက်စပ် သတင်းများ