သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီသည် (၈) လအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော်ဖိုး ဝင်ငွေရရှိခဲ့


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

(သဘာ၀ဓာတ်ငွေ့သည် စစ်ကောင်စီ၏ ဒုတိယဝင်ငွေအကောင်းဆုံးနိုင်ငံခြားပို့ကုန်ဖြစ်)

စစ်ကောင်စီ၏ နိုင်ငံခြားပို့ကုန် (၁၀) မျိုးအထဲတွင် သဘာဝဓာတ်ငွေ့ပို့ကုန်သည်  ဒုတိယနေရာမှာ ရပ်တည်နေပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော်ဖိုး ရရှိခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင် အချက်အလက်များ အရသိရသည်။

ယခုနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ (၈) လတာအတွင်း ပြည်ပနိုင်ငံများသို့  တင်ပို့ခဲ့သည့် ကုန်ပစ္စည်း (၁၀) မျိုးထဲတွင် သဘာ၀ ဓာတ်ငွေ့သည် နိုင်ငံခြားဝင်ငွေရရှိသည့်နေရာတွင်  ဒုတိယနေရာမှာ ရပ်တည်နေကြောင်း၊ အဆိုပါ (၈) လတာအတွင်းမှာ သဘာဝဓာတ်ငွေ့ MMBTU (၂၂၈) သန်းကျော် တင်ပို့ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ (၂၂၂၀ ဒသမ ၅၂၁) သန်း ရရှိခဲ့ကြောင်း  MOC က ဖော်ပြထားသည်။

ချုပ်ပြီးသားအထည် တင်ပို့မှုသည်  ဒေါ်လာ (၂ ဒသမ ၉) ဘီလီယံကျော်ဖြင့် အဓိကပို့ကုန်အများဆုံး (၁၀) မျိုး စာရင်းထဲမှာ အဆင့်(၁) ဖြစ်သည်ဟု ဆိုသည်။

တစ်ခြား ပို့ကုန်များအထဲတွင် မတ်ပဲက ဒေါ်လာ (၄၇၄) သန်းကျော်၊ ဆန်/ဆန်ကွဲက ဒေါ်လာ (၃၇၈) သန်းကျော်၊ ပြောင်းက ဒေါ်လာ (၂၇၁) သန်းကျော်၊ ငါးက ဒေါ်လာသန်း (၂၂၀) ကျော်၊ ပဲတီစိမ်းက ဒေါ်လာ (၁၈၅) သန်းကျော်၊ ရာဘာစိမ်းက ဒေါ်လာ (၁၂၃) သန်းကျော်၊ ပဲစဉ်းငုံက ဒေါ်လာ (၁၀၁) သန်းကျော်၊ သတ္တုနှင့် သတ္တုရိုင်းများက ဒေါ်လာ (၇၉) သန်းကျော် တင်ပို့ထား​ကြောင်း သိရသည်။

ပို့ကုန်အများဆုံး တင်ပို့သည့် နိုင်ငံ  (၁၀) နိုင်ငံအထဲတွင်  ထိုင်းနိုင်ငံမှာ  ဒေါ်လာ (၂  ဒသမ ၄၇) ဘီလီယံကျော်ဖြင့် အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး တရုတ်က ဒေါ်လာ (၁ ဒသမ၉၃) ဘီလီယံကျော်ဖြင့် ဒုတိယအများဆုံး တင်ပို့သည့် နိုင်ငံနေရာတွင် ရှိနေသည်။

ဂျပန်နိုင်ငံမှာ  ဒေါ်လာ (၇၈၄) သန်းကျော်တတိယ နေရာက ရပ်တည်ပြီး  အိန္ဒိယမှာ ဒေါ်လာ (၅၇၂) သန်းကျော်ဖြင့် စတုတ္ထနေရာက ရပ်တည်ကာ  အမေရိကန်က  ဒေါ်လာ (၄၁၂) သန်းကျော်ဖြင့် မြန်မာ၏ ပို့ကုန်တင်ပို့သည့် ပဉ္စမနေရာ၌  ရပ်တည်သည်။

နောက်ထပ် မြန်မာက ပို့ကုန်တင်ပို့သည့် ၅ နိုင်ငံမှာ  ဂျာမနီနိုင်ငံက ဒေါ်လာ (၃၅၆) သန်းကျော်၊ စပိန်က ဒေါ်လာ (၃၂၁) သန်းကျော်၊ ပိုလန်က ဒေါ်လာ (၃၁၆) သန်းကျော်၊ တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ (၂၆၁) သန်းကျော်နှင့်  ဗြိတိန်က ဒေါ်လာ (၂၂၂) သန်းကျော်တို့ ဖြစ်ကြသည်။


နောက်ထပ် နိုင်ငံခြားပို့ကုန်များမှာ ယခုနှစ်တွင်  မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစင်းငုံ၊ နှမ်း၊ မြေပဲ၊ ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ချင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော စသည့် လယ်ယာထွက်တွေအပြင် ရေထွက်ပစ္စည်းကဏ္ဍမှ ငါးမျိုးစုံ၊ ပုစွန်၊ ဂဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါးခြောက်များ တင်ပို့သည်ဟု သိရသည်။

စက်မှုကဏ္ဍမှ ထုတ်လုပ်သည့် သစ်ပါးလွှာနှင့် အထပ်သားများ၊ သစ်အချောထည် ထုတ်ကုန်များ၊ ချုပ်ပြီး အထည်၊ သကြားနှင့် အခြားစက်မှုကုန်ချော ထုတ်ကုန်များကိုလည်း တင်ပို့ထားကြောင်း စီးပွား/ကူးသန်းရဲ့ စာရင်းများတွင်  ဖော်ပြထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် သဘာ၀ဓာတ်ငွေ့ အကြီးအကျယ်ထွက်သည့် ဒေသတစ်ခုဖြစ်ပြီး အဆိုပါ ရခိုင်သဘာ၀ဓာတ်ငွေ့ကို ပိုက်လိုင်းမှ တဆင့် မြန်မာအစိုးရအဆက်ဆက်က တရုတ်ပြည်သို့ တင်ပို့ ရောင်းချထားသည်။

ရခိုင်ကထွက်သည့် သဘာ၀ဓာတ်ငွေ့များ တရုတ်ကို တင်ပို့မှုကြောင့် ၂၀၂၃ ဇန်နဝါရီလမှ ဩဂုတ်လအထိ (၈) လ အတွင်း မြန်မာစစ်ကောင်စီသည်  အမေရိကန်ဒေါ်လာ ၉၉၃ ဒဿမ ၉၄ သန်း ရရှိခဲ့သည်ဟု တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ အချက်အလက်များအရ သိရှိရသည်။

၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုမှ စစ်ကောင်စီသည်  ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံ ရရှိခဲ့သည်ဟု တရုတ်အကောက်ခွန် ဝန်ကြီးဌာန၏ စာရင်း အချက်အလက်များအရ သိရသည်။ NN- 30

Ref: BETV Business/ Photo: Mekong News Myanmar

ဆက်စပ် သတင်းများ