သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့်ဗုံးကြဲ၍ နေအိမ်အချို့မီးလောင်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် စစ်ကောင်စီ၏တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူများ၏ နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ရသည်ဟုသတင်းရရှိသည်။

ယနေ့ဇန်နဝါရီ ၂ရက်နေ့   မွန်းလွဲ ၂နာရီကျော်ခန့် က တိုက်လေယာဉ်တစ်စီးဖြင့် ရမ်းဗြဲမြို့ကို လာရောက်ဗုံးကြဲခဲ့သဖြင့် ကိုရံတောင်၏တောင်ခြေရင်း ကင်းတဲရွာတွင် နေအိမ်တစ်ချို့ မီးလောင်သွားသည်ဟု ရမ်းဗြဲဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" MiG 29 တိုက်လေယာဉ်ထင်ပါတယ်။ အသံထက်မြန်တယ်သွားနှုန်းက။ ၄ကြိမ်လောက်ဗုံးချခဲ့တယ်။ အကြာကြီးတော့‌ မနေခဲ့ဘူး။ ဗုံးချပြီးတာနဲ့ ပြန်သွားတာ။ ကိုယ်ရံတောင်ဘုရားနားကင်းတဲ တစ်ဝိုက်နဲ့ မြို့လယ် အောင်ဓမ္မာဗိမ္မာန်နားတစ်ဝိုက်မှာ ဗုံးတွေကျတယ်" ဟုပြောသည်။

ရမ်းဗြဲမြို့တွင်ယနေ့ ဇန်နဝါရီ ၂ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဖက်မှ ရည်ရွယ်ချက်ရှိရှိဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရမ်းဗြဲဒေသခံတစ်ဦးက နိရဉ္စရာကို‌ ပြောသည်။

" မီးစွဲလောင်နေတာကို အရပ်သားပြည်သူတွေက ဝိုင်းဝန်းငြိမ်းသတ်လိုက်တော့ ငြိမ်းသွားတယ်။ စကစက တမင်တကာရည်ရွယ်ချက်ရှိရှိကိုပစ်တာ၊ ရမ်းဗြဲမှာဆိုရင်နေ့တိုင်းလိုလိုပဲ လက်နက်သံတွေ ကြားနေရတာ။ဟုပြောသည်။

 

ရမ်းဗြဲမြို့ကို ဇန်နဝါရီလ ၂ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့်  ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် အတွက် နေအိမ် ၅ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး  ရမ်းဗြဲမြို့နယ်Covid-19ကာကွယ်တားဆီးရေးအဖွဲ့ က သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

 

ရမ်းဗြဲမြို့ကို ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွှဲ ၃နာရီ ၁၀ နစ်လောက်မှာ မကွေးလေတပ်စခန်းက ဂျက်ဖိုက်တာတစင်းနဲ့ ဗုံး ၃လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း၊  ညနေ ၄ နာရီလောက်မှာလည်း နောက်ထပ် ဂျက်ဖိုက်တာတစီးဖြင့် လာရောက်ပြီးဗုံး ၄လုံးထပ်မံကြဲတိုက်ခိုက်ခဲ့ကြောင်း  ရမ်းဗြဲမြို့ ဒေသခံ တစ်ဦးကို ကိုးကားသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

 

ညီနောင်မဟာမိတ် (၃) ဖွဲ့က ဇန်နဝါရီ ၂ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် ထုတ်ပြန်သည့် သတင်းတွင်လည်း ရမ်းဗြဲကျွန်း၊ ရမ်းဗြဲမြို့အတွင်းသို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြို့တွင်းရှိ လူနေအိမ်အချို့မှာလည်း မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်ဟု ဖော်ပြထားသည်။



 

ဒေသခံ တစ်ဦးက ဇန်နဝါရီ ၁ ရက်နေ့ကလည်း လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ရှိခဲ့သည်ဟု ဆိုသည်။

 

“ မနေ့က ဇန်နဝါရီ ၁ ရက်နေ့က လည်း လက်နက်ကြီးကျည်ကျလို့ လောင်းချောင်းဖက်မှာ မီးလောင်တယ်" ဟု ပြောသည်။

 

ဇန်နဝါရီလ (၁) ရက်နေ့တွင်လည်း =ရမ်းဗြဲမြို့အား စစ်ကောင်စီ၏ စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်အချို့ မီး‌လောင်ပျက်စီးခဲ့ရသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။

 

စစ်ကောင်စီသည် ရမ်းဗြဲမြို့တွင်း လက်နက်အင်အား၊ လူအင်အားများကို အခိုင်အမာ တပ်စွဲအခြေချထားပြီး မြို့တွင်းရှိ ဒေသ ခံများအား လူသားဒိုင်းကာအဖြစ် အကာအကွယ်ယူ၍ နေ့စဉ်ရက်ဆက် လက်နက်ကြီး၊ ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက် ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်ကောင်စီ၏လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် ရမ်းဗြဲဒေသခံသောင်းနှင့်ချီ၍ ထွက်ပြေးနေကြရကြောင်း သိရသည်။(NN-11) 

ဆက်စပ် သတင်းများ