သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို ရှောင်လွှဲမရသည့် အနေအထားအောက်တွင် ပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.8k

စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို ရှောင်လွှဲမရသည့် အနေအထားအောက်တွင် ပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု  ညီနောင်သုံးဖွဲ့၏  သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့ ဇန်နဝါရီလ (၁၃) ရက်နေ့၊ ည (၁၂) အချိန် ညီနောင်သုံးဖွဲ့ ( MNDAATNLA နှင့်AA) ထုတ်ပြန်သည်၁၀၂၇ စစ်ဆင်ရေး (၇၉)ရက်မြောက်နေ့ တိုက်ပွဲသတင်းများထုတ်ပြန်ရာတွင် ထိုသို့ရေးသား ဖော်ပြထားခြင်းဖြစ်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအရှိန်သည် တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက် ရှိကြောင်း၊  ရှမ်းမြောက်ဒေသအတွင်း မိမိတို့နှင့် စစ်ကောင်စီအကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို ရပ်တန့်စေရမည့် အပစ်အခတ်ရပ်စဲရေးကို ရှောင်လွှဲမရသည့် အနေအထား အောက်တွင် ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

နှစ်ဘက်သဘောတူ အပစ်ရပ်စဲထားသော်လည်း ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီ ဘက်မှ ယခင်ရက်များနည်းတူ ထိုးစစ်ဆင် တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေမှုများကို ဆက်လက်ပြုလုပ်နေသောကြောင့် တိုက်ပွဲများမှာ ဆက်လက် ရှိနေခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောက်စီစည် မိမိတို့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် သိမ်းပိုက်ရယူထားပြီးဖြစ်သည့် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ်ရှိ တအာင်းတပ်မတော် (TNLA) အခြေချနေရာယူထားသည့် ငြိမ်းချမ်းရေးကုန်းသို့ စစ်ကောင်စီ၏ (၅၀၁-၅၀၂) တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီ ၁၃ ရက် နံနက် (၉) နာရီ (၁၈) မိနစ်အချိန်ခန့်တွင် အပြင်းအထန် လာရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊  (၂) နာရီကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် မိမိတို့၏ ပြည်သူ လူထုလုံခြုံရေး နှင့် ဟိုင်ဂင်သဘောတူညီမှုပါ စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့မှုမဖြစ်စေရေးအချက်ကို အလေးထားလိုက်နာကာ ယာယီနောက်ဆုတ်ပေးခဲ့ကြောင်း ဖော်ပြသည်။

ရခိုင်ပြည်တွင်လည်း ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့တွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီသည် လေယာဉ်အများအပြားကို အသုံးပြုကာအကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရှိရသည်။

လတ်တလောရက်များအတွင်း စစ်ကောင်စီ၏ အဓိက အမာခံစခန်းများဖြစ်ကြသည့် ပလက်၀နှင့် ကျောက်တော် အကြားရှိ တောင်ရှည်တောင်ဗျူဟာစခန်း၊ မီး၀ဗျူဟာစခန်း၊ ပလက်၀အခြေစိုက် ခလရ ၂၈၉ တပ်ရင်း၊ ပလက်၀ ဒေသမှ ခန်ခတောင်ဗျူဟာစခန်း မြောက်ဦးမြို့နယ် သင်းကျစ်တော် တောင်စခန်းနှင့် လင်းမြွေတောင် အမာစခန်း၊ မင်းပြား ခမရ ၃၈၀ တပ်ရင်းများအားလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ် (၃) တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) နှင့် (၁၁) ရက်နေ့များတွင် " နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်  အချက် (၃) ချက်ပါ ဟိုင်ဂင်သဘောတူညီမှုများ" ရှိခဲ့သည်။

၎င်းတို့မှာ.......

(၁)  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေးကို သဘောတူခဲ့ကြသည်ဟု သိရသည်။

(၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊

(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေးတို့ဖြစ်ကြသည်။



ဆက်စပ် သတင်းများ