တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

စစ်ကောင်စီက ငပလီအခြေစိုက် ခလရ (၅၅) တပ်ရင်းကို ဇက်ရေယာဉ်ဖြင့် စစ်အင်အား ၁၀၀ ကျော်ခန့် အင်အားဖြည့်တင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 7.1k

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ မေ ၁၂/ ၂၀၂၄

ရခိုင်ပြည်၊ သံတွဲခရိုင်၊ ငပလီမြို့ အခြေစိုက် စစ်ကောင်စီ ခလရ ( ၅၅) ကို ဇက်ရေယာဉ်ဖြင့် စစ်သား ၁၀၀ ကျော်ခန့်ကို ပို့ဆောင် အင်အားဖြည့်တင်းခဲ့သည်ဟု ဒေသခံမျက်မြင်များက ပြောသည်။

ဒေသခံ တစ်ဦးက "ပင်လယ်ကနေ ဇက်ရေယာဥ်နဲ့လာတာ။ တပ်မ ၅၅ ထဲကို စစ်အင်အား ဖြည့်နေတယ်။ ဘယ်ကစစ်သားတွေလည်းတော့ မသိဘူး။ အားလုံး ၁၀၀ ကျော်လောက်ရှိတယ်" ဟု ပြောသည်။

၎င်းဇက်ရေယာဉ်သည် ယနေ့မေလ ၁၂ရက် နံနက်  ၉နာရီကျော်အချိန်ခန့်က ရောက်ရှိလာသည်ဟု ဆိုသည်။

အဆိုပါ စစ်အင်အား ၁၀၀ ကျော်ခန့်ကို တပ်ရင်း (၅၅) သို့ ပထမဖြည့်တင်းပြီးနောက် ယင်းမှတစ်ဆင့် တိုက်ပွဲဖြစ်ပွားနေသည့် ရွှေလှေ၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးသို့လည်း စစ်အင်အား ဖြန့်ကျက် ပို့ဆောင်နေသည်ဟု သိရသည်။

" တပ်ရင်း ၅၅ကနေတဆင့် တိုက်ပွဲဖြစ်နေတဲ့ ရွှေလှေနဲ့ သူဌေးချောင်းဘက်ကိုလည်း စစ်အင်အား ဖြန့်ကျက်ပြီး ခွဲပို့နေတာတွေ့ရတယ်။ သံတွဲမှာ တိုက်ပွဲမရှိတာ ၂ရက်လောက်တော့ရှိနေပြီ။ အသံတွေ မကြားရဘူး။ စစ်ကောင်စီတပ်က အကျအဆုံးများနေတော့ သံတွဲမြို့မကျဖို့ စစ်အင်အား ဖြည့်တင်း နေတာလေ" ဟု သံတွဲဒေသခံတစ်ဦးကပြောသည်။

သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ဧပြီလ ၁၃ရက်၊ ၂၂ရက်၊ ၂၆ ရက်၊ ၂၈ရက်၊ မေ ၃ရက်၊မေ ၄ရက်၊ မေ ၇ရက်နှင့်  မေ ၉ ရက်တို့တွင် ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲ စုစုပေါင်း (၈) ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုရင်းမှူးတစ်ဦး အပါအဝင် အကျအဆုံးများခဲ့သည်။

သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အကျအဆုံးများနေသည့်အတွက် စစ်တွေမြို့မှ မွတ်ဆလင် များနှင့် ဧရာဝတီတိုင်းက စစ်မှုထမ်းများကို ခေါ်ယူ အသုံးပြုနေရကာ သံတွဲရှိ ရွှေကျောင်းပြင် ကျေးရွာ၊ မြှားချောင်းအနီးတဝိုက်ရှိ ကျေးရွာများက ပြည်သူ့စစ် သင်တန်းဆင်းထားသူ လူငယ်များကိုလည်း သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း အနီးတိုက်ပွဲများတွင် ဝင်ရောက် တိုက်ခိုက်ရန် စေခိုင်းခဲ့၍ ထွက်ပြေးမှုများ ရှိခဲ့ကြောင်းသိရသည်။

ယင်းအပြင် သံတွဲခရိုင်၊ ငပလီမြို့တွင် အခြေစိုက်ထားသည့် ခလရ(၅၅) နှင့် ခမရ (၅၆၆)တပ်များတွင် စစ်သားအင်အားနည်းပါးနေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အမျိုးသမီးများကို ကင်းစောင့် ခိုင်းနေရသလို၊ အနီးဝန်းကျင် ရပ်ကွက်များမှ ဒေသခံ ပြည်သူ့စစ် သင်တန်းဆင်းများကိုလည်း အတင်း အဓမ္မခေါ်ယူ အားဖြည့်နေကြောင်း စုံစမ်းသိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ