တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်မှ နေရာတချို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲ၍ အရပ်သားတစ်ဦးဒဏ်ရာရပြီး ကျေးရွာတစ်ခု၏ စာသင်ကျောင်းဆောင်များပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

ကံ့ကော်နီနီနှင့် အောင်ကြွယ်ငြိမ်း/ နိရဥ္စရာ၊ မေ ၁၂ / ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့ရောညပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သည့်အပြင် နေဗီနှင့်တပ်ရင်းများက လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

စစ်ကောင်စီက တိုက်ခိုက်ခဲ့သည့် နေရာများမှာ ကြောင်ခိုးကျေးရွာနှင့် ချောင်းဖျားကျေးရွာကြား တောင်တန်းနှင့် မြို့ချောင်းတိုက်နယ်၊ လောင်းချောင်းကျေးရွာအနီး နေရာတို့ ဖြစ်ကြသည်။

လက်နက်ကြီးကျည်စထိ၍ ထိခိုက်ဒဏ်ရာရရှိသွားသူမှာ ချောင်းဖျားကျေးရွာမှ ဦးအေးခင်မောင် (၄၅)နှစ် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့မေလ ၁၁ ရက် နေ့လယ် ၂ နာရီအချိန်က ကြောင်ခိုးကျေးရွာနှင့် ချောင်းဖျားကျေးရွာကြား တောင်တန်းကို ဂျက်ဖိုက်တာလေယာဥ်ဖြင့်တစ်ကြိမ်၊ ညနေ ၄ နာရီအချိန်တွင် တကြိမ်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဖြူမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

" ကြောင်ခိုးရွာနဲ့ချောင်းဖျားရွာကြားက တောင်တန်းတွေကိုတိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတယ်။ နေ့လယ်နှစ်နာရီခွဲလောက်ကပဲ လာပြီးကြဲတာ။ ညနေလေးနာရီကျော်မှာလည်း လေယာဥ်ထပ်လာပြီး အဲဒီနေရာတွေကိုကြဲသေးတယ်" ဟု ပြောသည်။



၄င်းအပြင် စစ်ကောင်စီနေဗီနှင့် တပ်ရင်းများကလက်နက်ကြီးများလှမ်းပစ်ခတ်ရာ လက်နက်ကြီး ကျည်စထိမှန်ပြီး ချောင်းဖျားကျေးရွာသား ဦးအေးခင်မောင်မှာ ပေါင်နှင့် နဖူးတို့တွင် လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိသွားကြောင်းသိရသည်။

" ချောင်းဖျားရွာကတယောက်လက်နက်ကြီးကျည်စ ပေါင်ကိုထိသွားတယ်။ မင်းပြင်ရွာအောက်ဘက်မှာ နေဗီတစ်စီးရှိတယ်။ အဲဒီနေဗီကလည်းလက်နက်ကြီးတွေမထင်ရင်မထင်သလိုနေ့တိုင်းပစ်နေတယ်။ ဒိုးတန်းတောင် ရဲတပ်ရင်းကလည်းလက်နက်ကြီးပစ်တယ်" ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

၎င်းပြင် မေ ၁၁  ည ၁၂ နာရီနှင့် မေလ ၁၂ ရက် အစောကြီး ညအချိန်တွင်လည်း မြို့ချောင်းတိုက်နယ်၊ လောင်းချောင်းကျေးရွာအစပ်ကို စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာစာသင်ကျောင်း ပြတင်းပေါက်များ လက်နက်ကြီးကျည်စထိမှန် ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

"ည ၁၂ နာရီကျော်  ဒီနေ့ မနက် အစောကြီးပေါ့။ မြို့ချောင်းတိုက်နယ်၊ လောင်းချောင်းရွာနားကို လေယာဥ်နဲ့ထပ်ပြီးဗုံးကြဲတယ်။ အဲဒီရွာကစာသင်ကျောင်းပြတင်းပေါက်တွေ ပျက်စီးသွားတယ်။ အဲဒီမှာတော့လူအထိအခိုက်မရှိခဲ့ဘူး" ဟု ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ကျေးရွာသား တစ်ဦးကလည်း "ဗုံးက ၂ကြိမ်လာကြဲတာ။ ဗုံးကျရောက်ပေါက်ကွဲပြီးတော့ စာသင် ကျောင်းဆောင်နဲ့ ပြတင်းပေါက်တွေပျက်စီးသွားတယ်။ လူတွေထိခိုက်ဒဏ်ရာရရှိသွားတာတော့ မရှိခဲ့ဘူး" ဟုပြောသည်။

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင်း လောင်းချောင်း ကျေးရွာသားများမှာ အိပ်နေရာမှ ဗုံးခိုကျင်းများနှင့် လုံခြုံဘေးလွတ်ရာနေရာများ၌ ပုန်းရှောင်ခဲ့ရကာ စိုးရိမ်ကြောက်လန့်မှုများရှိခဲ့ကြသည်ဟုလည်း သိရသည်။

ယင်းအပြင် မင်းတက်တောင်ကျေးရွာအနီးရှိ စက်မှုလက်မှု သင်တန်းကျောင်းဝင်းထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒရုန်းလွှတ်၍ သစ်ပုတ်တောင်လမ်းခွဲကို နေ့စဥ်ဗုံးကြဲ တိုက်ခိုက်နေပြီး ယနေ့မေလ ၁၂ ရက်မနက် ၉ နာရီအချိန်ကလည်း ဒရုန်းနှင့်ဗုံးကြဲတိုက်နေကြောင်း သူကပြောသည်။

ဆက်စပ် သတင်းများ