တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

သံတွဲ၊ ဘားတောင်းတောင်ပေါ်မှ ပစ်ခတ်လိုက်သည့် စစ်ကောင်စီတပ်​၏ လက်နက်ကြီးကျည် ထိမှန်ပြီး အောက်နတ်မော်ကျေးရွာတွင် ရွာသား သုံးဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

သဥ္ဇာနွယ်

နိရဥ္စရာ၊ မေ ၁၃/ ၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီးအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ သံတွဲမြို့နယ်၊ရွှေလှေတိုက်နယ် အောက်နတ်မော်ကျေးရွာမှ ‌ဒေါ် မကျော့တင် အသက်(၇၆)နှစ်၊ ဒေါ်မကြီး အသက် (၄၅)နှစ်နှင့် မောင်ဖိုးသံလုံး တို့ဖြစ်ကြသည်။

စစ်ကောင်စီတပ်​၏ ဘားတောင်းတောင်ကုန်းပေါ်မှ ယနေ့ မေ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံးသည် အောက်နတ်မော်ကျေးရွာသို့ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးကာ နေအိမ်တွင် ရှိနေသည့် အသက်ကြီးပိုင်းအရွယ် အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရရှိသွားသည်ဟု သံတွဲဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ လက်နက်ကြီးကျည်ကျတာက ‌ဒေါ်ကျော့တင်အိမ်မှာကျတာ၊ နေအိမ်တစ်ခုလုံးမီးလောင်ပြာကျသွားတယ်။အဲ့ဒီအန်တီနဲ့ နောက်တစ်ယောက်က ဒဏ်ရာရတယ်။ သူတို့နှစ်ယောက်က ဒဏ်ရာပြင်းတယ်။ယောက်ျားတစ်ယောက်ကကျတော့ ဒဏ်ရာသိပ်မပြင်းဘူး။ နီးစပ်ရာမှာ ဆေးကုသမှုပေးနေကြတယ်”ဟုပြောသည်။

ဒေါ်မကျော့တင်တွင် ပေါင်ရင်းနှင့် ခြေသလုံးတွင် ဒဏ်ရာရရှိထားပြီး၊ ‌ဒေါ်မကြီးတွင် လက်မောင်းနှင့်ခြေသလုံးတွင် ဒဏ်ရာရရှိကာ ဖိုးသံလုံးတွင် လည်ပင်း၌ ကျည်စ ရှပ်သွားသည်ဟု သိရသည်။

သံတွဲတွင် ယနေ့ မေလ ၁၃ ရက်၊ နေ့လယ် ၃ နာရီခွဲအထိ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ရွှေလှေတိုက်နယ်ကို ဘားတောင်းတောင်နှင့် နေဗီများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများမှာစိုးရိမ်စိတ်များပြားပြီး အိမ်တွင်သာ ပုန်းအောင်းနေရသည်ဟု သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာန ကို ပြောသည်။

“ ဒီကနေ့ နေ့လယ်အထိ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီ တိုက်ပွဲမဖြစ်သေးဘူး။ စစ်ကောင်စီတပ်ကတောက်လျှောက် အတွဲလိုက်တွေ ပစ်နေတာ ။ ပြေးလို့လည်းမရ။ အိမ်မှာပုန်းနေရတယ်” ဟုပြောသည်။

ပြီးခဲ့သည့်မေလ ၉ ရက်နေ့က စစ်ကောင််စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့်  လင်းသီကျေးရွာမှ  ဦးငကျိ (၄၅)နှစ် မှာ ပေါင်တွင်ကျည် ရှပ်ထိကာ ဒဏ်ရာရခဲ့သည်။

သံတွဲတွင် တစ်နေ့တခြား တိုက်ပွဲပြင်းထန်လာနေပြီး မြို့အနီးသို့ တိုက်ပွဲ နီးကပ်လာသဖြင့် မြို့ခံများမှာစိုးရိမ်တကြီးနှင့် နေထိုင်နေကြရသည်ဟု  မြို့ခံများ​က ပြောကြားသည်။ 

ဆက်စပ် သတင်းများ