တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

ရန်ကုန်မှ စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့ခွင့်ကို စစ်ကောင်စီခွင့်ပြုသော်လည်း ဆေးဝါး၊အမျိုးသမီးလစဥ်သုံးဒိုင်ဘာအပါအဝင် ကုန်ပစ္စည်းများစွာ ကန့်သတ်ခံထားရဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 9.3k

သဥ္ဇာနွယ်

နိရဥ္စရာ၊ မေ ၁၇/ ၂၀၂၄

ရခိုင်ပြည်၊စစ်တွေမြို့သို့ ကုန်ပစ္စည်းတင်ပို့ခွင့်ကို စစ်ကောင်စီက ခွင့်ပြုသော်လည်း အမျိုးသမီးလစဉ်သုံးဒိုင်ဘာအပါအဝင် ကုန်ပစ္စည်းများစွာကို ကန့်သတ်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့မှ စစ်တွေမြို့သို့  ဆန်၊ဆား၊ဂျုံ၊သကြား၊ကြက်သွန်၊ခေါက်ဆွဲခြောက်နှင့် ကော်ဖီမစ်သာ တင်ပို့ခွင့်ရပြီး ကျန်ကုန်ပစ္စည်းများကို စစ်ကောင်စီက တင်ပို့ခွင့်မပြုဟု ကုန်ပစ္စည်းသယ်ယူပို့ဆောင်ပေးသည့်ဒိုင်မှအမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“ စစ်ကောင်စီက ကန့်သတ်ထားတဲ့ကုန်တွေက အများကြီးပါ။ ဘာကြောင့်ကန့်သတ်ထားလဲဆိုတာ သူတို့မပြောဘူး။အခုက ကုန်ပစ္စည်း ၁၃ မျိုးလောက်ပဲ သယ်ယူခွင့်ပေးတယ်” ဟုပြောသည်။

စစ်ကောင်စီ သယ်ယူခွင့် ကန့်သတ်ထားသည့်အထဲတွင် ဆေးဝါး၊ ကလေး၊လူကြီးသုံး ဒိုင်ဘာများနှင့်အမျိုးသမီးလစဥ်သုံးများကအစ ပါဝင်ပြီး ဆေးဆိုင်များမှာလည်း ယခင်ကရှိသည့် ဆေးများကို ရောင်းချနေရသည့်အတွက် ဆေးဝါးမလုံလောက်မှုနှင့် ကြုံတွေနေရသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ စစ်တွေကို အခုနောက်ပိုင်း ကုန်ပစ္စည်းတွေဝင်တယ်။ တကယ်လိုအပ်နေသေးတဲ့ ဆေးဝါးတွေ အမျိုးသမီးလစဥ်သုံးတွေကိုကျ သယ်ယူခွင့်ကန့်သတ်ထားတယ်။ ဆေးတွေက ကိုယ်လိုချင်တဲ့ဆေးကို ဆိုင်သုံးလေးဆိုင်လောက် ပတ်ပြီးသွားဝယ်မှ ရတယ်။ လစဥ်သုံးတွေ ဒိုင်ဘာတွေကို စစ်ကောင်စီက ‌သံသယဝင်တယ်။စစ်ဖက်ဆိုင်ရာတွေမှာ သွေးထွက်လွန်ရင် သွေးတိတ်အောင် သုံးလို့ရတဲ့ သဘောမျိုးသတ်မှတ်လို့ အဲ့ဒါကြောင့် ကန့်သတ်ထားတာ” ဟုပြောသည်။

စစ်ကောင်စီသည် စစ်တွေသို့ ဝန်ထမ်းများအပါအဝင် NGO/INGO များကို မေလအတွင်းရောက်အောင် ခေါ်ယူနေပြီး အစိုးရယန္တရား လည်ပတ်နေသည့် ပုံစံဖန်တီးနေသည်ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ဝန်ထမ်းအကြီးပိုင်းတွေကို ခေါ်တယ်။ အဖွဲ့အစည်းတွေကို ပြန်ခေါ်နေတယ်။ ကုန်ပစ္စည်းတွေ လည်း ဝင်နေတယ်။ စစ်တွေကို စည်အောင်လုပ်နေတဲ့ပုံစံ။ ယန္တရားလည်ပတ်နေတဲ့ပုံစံပေါ့” ဟုပြောသည်။

ထို့အပြင် စစ်တွေမြို့မှ နယ်ဖက်သို့ သွားမည့် စက်လှေများကို စစ်ကောင်စီက ထွက်ခွင့်ပိတ်ထားသည့်အတွက် ကုန်ပစ္စည်းများသည် စစ်တွေမြို့တွင်သာ သောင်တင်နေပြီး ကုန်စျေးနူန်းအနည်းငယ်ကျဆင်းလာသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်မှ စ၍  ကုန်လမ်း၊ရေလမ်းများကို ပိတ်ထားသည့်အတွက် ကုန်စည်စီးဆင်းမှု ကျဆင်းသွားပြီး ကုန်စျေးနူန်းများမှာ အဆမတန် မြင့်တက်လာကာ စားဝတ်နေရေး ကျပ်တည်းမှု နှင့် ရင်ဆိုင်နေကြရဆဲဖြစ်‌ကြောင်း ဒေသခံများက ပြောသည်။ 

ဆက်စပ် သတင်းများ