တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

အမ်းမြို့တွင် စစ်ဘေးရှောင်နေသည့် ပညာရေးဝန်ထမ်းများကို မြို့ပေါ်သို့ ပြန်လာရန် ညွှန်ကြားထားပြီး ပြန်မလာပါက ရာထူးမှရပ်ဆိုင်းမည်ဟု မြို့နယ်ပညာရေးမှူးက ပြောဆို သဉ္ဇာနွယ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

နိရဥ္စရာ၊ မေ ၂၇/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့တွင် စစ်ဘေးရှောင်နေသည့် ပညာရေးဝန်ထမ်းများ ကို မြို့ပေါ်သို့ ပြန်လာရန် ညွှန်ကြားထားပြီး မလာပါက ရာထူးမှ ရပ်ဆိုင်းမည်ဟု သတင်းရရှိသည်။

အမ်းမြို့တွင်တိုက်ပွဲဖြစ်ပွားမည်စိုး၍ စစ်ဘေးရှောင်နေကြသည့် မြို့ပေါ်တွင် တာဝန်ကျ‌နေသည့် ကျောင်းဆရာ/ဆရာမများကို  မလာမနေရဟု မြို့နယ်ပညာရေးမှူးက ပြောဆိုထားပြီး မလာပါက ရာထူးမှရပ်ဆိုင်းမည်ဟု ညွန်ကြားထားကြောင်း အမ်းမြို့မှပညာရေးဝန်ထမ်းတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" စစ်ဘေးရှောင်နေကြတဲ့ ဆရာ/ဆရာမတွေကို အတင်းပြန်ခေါ်နေတယ်။ မလာရင် ရာထူးကရပ်ဆိုင်းမယ်ဆိုပြီး မြို့နယ်ပညာရေးမှူးရုံးက အမိန့်ထုတ်တယ်။အခုတော့ အများစုကတော့ ပြန်သွားနေကြပါပြီ" ဟုပြောသည်။

ပညာရေးဝန်ထမ်းတချို့မှာ ရာထူးရပ်ဆိုင်းခံရမည်ဆိုသဖြင့်  မသွားချင်သော်လည်း  ဝန်ထမ်းလစာကို မီခိုနေရသည့် အတွက် မိသားစုစားဝတ်နေရေးအခြေအနေကြောင့် သွားကြရသည်ဟု ၎င်းကပြောသည်။

" ကျောင်းဆရာမတစ်ယောက်ဖြစ်ဖို့ဆိုတာ ကြိုးစားခဲ့ရတာ မလွယ်ပါဘူး။မိဘတွေကလည်း ပင်ပင်ပန်းပန်း ပညာသင်ပေးခဲ့တာ။ သူတို့က ရာထူးက ရပ်နားမယ်ဆိုတော့ ခက်ခက်ခဲခဲ ရလာတဲ့အရာတခုကို အလွယ်တကူအဆုံးရှုံးမခံနိုင်လို့ပါ။ စားဝတ်နေရေးကလည်းရှိသေးတယ်။ သူတို့ဖက်က လုံခြုံမှုကိုလည်း အာမခံထားတာလည်းမရှိဘူး" ဟုပြောသည်။

စစ်ကောင်စီက ကျောင်းဖွင့်ရန် စီစဥ်နေသော်လည်း စစ်‌ရေးအခြေအနေ မငြိမ်သက်သည့်အပြင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် စိတ်မချရသည့်အတွက်  သားသမီးများကို ကျောင်းအပ်ချင်သော်လည်း မအပ်ရဲဖြစ်နေသည်ဟု အမ်းမြို့မှ ကျောင်းသားမိခင်တစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“သားသမီးတွေကို ပညာတော့ တတ်စေချင်တယ်။ ဒါပေမယ့် အခုလို စစ်‌ရေးကာလမှာ စိတ်မချရဘူး။ သူတို့က လုံခြုံမှုပေးမယ်လို့ အာမခံထားတာလည်း မဟုတ်ဘူး။ စစ်ကောင်စီက လေကြောင်းကနေ စာသင်ကျောင်းတွေကအစ ဗုံးကြဲနေတာလေ။ တချို့တလေက တော့ ထားချင်ထားပါလိမ့်မယ်။ ကျမအနေနဲ့တော့ စိတ်မချလို့ ဒီနှစ်မထားတော့ဘူး။ ကလေးတွေလည်း ပညာရေး မနှောင့်နှေးရအောင်  ကိုယ့်အနားမှာပဲထားပြီး တနည်းနည်းနဲ့ စာသင်ပေးဖို့တော့ စိတ်ကူးထားတယ်” ဟုပြောသည်။

စစ်ကောင်စီက စစ်ရေးမငြိမ်သက်သည့်အချိန်တွင် အတင်းအဓမ္မ ကျောင်းဖွင့်ရန်စီစဉ်နေခြင်းသည် လူသားဒိုင်းကာအဖြစ်အသုံးချရန် စီစဉ်နေခြင်းနှင့်တူသည်ဟု အမ်းမြို့မှ လူမှုရေးလှုပ်ရှားသူတစ်‌ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" မြို့သိမ်းတိုက်ပွဲဖော်ဆောင်လာတဲ့အခါ မြို့ပေါ်မှာရှိနေတဲ့သူတွေပဲ ဒုက္ခရောက်မှာ ။ အမ်းမြို့က စစ်ရေးအခြေအနေက မငြိမ်သက်သေးဘူးဆိုတာကို သိကြမှာပါ။ဘယ်နေ့ ဘယ်အချိန် ပြန် ထ ဖြစ်မလဲမသိနိုင်ဘူးလေ။ ဒီလိုအချိန်မှာ စစ်ကောင်စီက ဖိအားပေးပြီး ပညာရေးဝန်ထမ်းတွေကိုခေါ်နေတာက လူသားဒိုင်းကာအဖြစ်ဘအသုံးချတာလို့ပဲမြင်တယ် " ဟုပြောသည်။

အမ်းမြို့တွင် မေလ ၂၅ရက်နေ့မှစ၍ ကျောင်းအပ်စတင်လက်ခံနေပြီး ဇွန်လ ၁ ရက်တွင် မြို့ပေါ် ကျောင်းများကို ဖွင့်လှစ်မည်ဟု အမ်းမြို့ခံများက ပြောသည်။

အမ်းမြို့နယ်တွင် တာဝန်ကျနေသည့် ပညာရေး ဝန်ထမ်းများ အားလုံးကို ဌာန၏ ခွင့်ပြုချက်မရဘဲ နေရပ်ပြန်ခြင်း၊ ခရီးသွားလာခြင်းပြုလုပ်ပါက အရေးယူသွားမည်ဟု မြို့နယ်ပညာရေးမှူးရုံးကပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့စွဲဖြင့် အမိန့်ထုတ်ညွှန်ကြားခဲ့သည်။

အမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၁၈) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၃)ကျောင်း စုစုပေါင်း(၂၂၃)ကျောင်းရှိကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ