တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

ကျောက်ဖြူသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ကို လေယာဥ်ဖြင့်ပို့ဆောင်အင်အားဖြည့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ မေ ၂၉ / ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ကိုလည်း စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း စစ်အင်အား ဖြည့်တင်းနေပြီး မေလ ၂၈ ရက်တွင် စစ်အင်အား ၁၀၀ ခန့်ကို လေယာဥ်ဖြင့် ပို့ဆောင် အင်အားဖြည့်ခဲ့ကြောင်းသတင်းရရှိသည်။

မတ်လ ၂၈ ရက်  ညနေ ၅ နာရီအချိန်က ကျောက်ဖြူလေယာဥ်ကွင်းသို့ စစ်ကောင်စီတပ်သုံး Y-12 အပါအဝင် ထောက်ပို့လေယာဥ်နှစ်စင်း ဆင်းသက်ခဲ့ပြီး လေယာဥ်ပေါ်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ကျောက်ဖြူမြို့သို့ တင်အားဖြည့်တင်းခဲ့ကြောင်း စစ်ရေးအခြေအနေ လေ့လာ စောင့်ကြည့်သူ ဒေသခံလူငယ်တစ်ဦးကပြောသည်။

" ညနေ ၅ နာရီလောက်မှာ Y-12 ထောက်ပို့ယာဥ်တစ်စင်းရယ်။ သူ့ထက်နည်းနည်းပိုကြီးတဲ့ ATR- 72 တစ်စီးရယ် လေယာဥ်ကွင်းကိုဆင်းတယ်။ စစ်သား ၁၀၀ ဝန်းကျင်ပါတယ်။ အဲဒီ စစ်သားတွေကို ကျောက်ဖြူခြေလျင်တပ်ရင်းကို ပို့ပြီး အင်အားဖြည့်တာ" ဟု သူကပြောသည်။

အဆိုပါစစ်ကောင်စီတပ်သားများကို မှော်ဘီမှ ပို့ဆောင်ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၃၄ ကိုအင်အားဖြည့်တင်းခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

" အဲဒီစစ်သားတွေကို ခလရ ၃၄ တပ်ရင်းကိုပို့တယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများတည်ရှိရာ ကျောက်ဖြူမြို့သည် စစ်ကောင်စီအတွက်အကျိုးစီးပွားအရ အရေးပါသည့် မြို့ဖြစ်သည့်အလျောက် အာရက္ခတပ်တော်၏ ထိုးစစ်ကို အသေအလဲ ခုခံ ကာကွယ်နိုင်ရန် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းမှုများဆက်တိုက်ရှိနေပြီး စစ်ရေး ပြင်ဆင်မှုများအထူးပြုလုပ်နေကြောင်း မြို့ခံများကပြောသည်။

အလားတူ အာရက္ခတပ်တော်က ကျောက်ဖြူမြို့ကို ဝင်ရောက်ထိုးစစ်ဆင်လာပါက အသေခံ တိုက်ခိုက်ခိုင်းရန် မွတ်ဆလင်ဒုက္ခသည်ရာနှင့်ချီကိုလည်း စစ်ကောင်စီက အတင်းအကျပ် စစ်သင်တန်းပေး လက်နက်တပ်ဆင်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်က ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးကာ ရာနှင့်ချီဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများကနိရဥ္စရာသို့ပြောသည်။

ယင်းနောက်ပိုင်းတိုက်ပွဲရပ်တန့်နေသော်လည်း စစ်တပ်က အရပ်သားများနေထိုင်ရာမြို့နှင့် ကျေးရွာ များကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ယခု မေလ ၈ ရက်၊မနက်ပိုင်းက စနဲမြို့ကို စစ်ကောင်စီဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာပြင်းထန် ရရှိခဲ့သည်။

ဆက်စပ် သတင်းများ