တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

မောင်တောမြို့ပေါ်ရှိဒေသခံများအား စစ်ကောင်စီက ထပ်မံစစ်‌ဆေးဖမ်းဆီးမူများပြုလုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

(ဟိန္ဒူ ၂ ဦး နှင့် ရခိုင် ၆ ဦးဖမ်းဆီးခံရ)

 

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၃၀  ရက်/၂၀၂၄

 

ရခိုင်ပြည်၊ မောင်တောမြို့ပေါ်ရှိဒေသခံများအား မေလ ၂၉ ရက် နံနက်တွင်လည်း စစ်ကောင်စီမှ ထပ်မံ စစ်ဆေးပြီး အနည်းဆုံး လူပေါင်း ၁၀ ခန့်ကို ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

 

 "ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ရွှေဇားတံတားအနီးကို ပရိုဘောက်ကား တစ်စီး၊ နောက်ထပ် ကားတစ်စီးနဲ့ စစ်သားတွေ ရောက်လာပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးတယ်။ ဖုန်းတွေကို စစ်တယ်။ ဟိန္ဒူ ၂ ဦးနဲ့ ရခိုင် ၁ ဦးကို ဖမ်းပြီးကားပေါ်တင်သွားတယ်"ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောဆိုသည်။

 

ဖမ်းဆီးခံရသူများမှာ ရပ်ကွက်(၃)မှ ဟိန္ဒူလူများဖြစ်ကြသည့် ကိုကူကောင်း (၃၀) နှစ်(ဘ) ဦးရူနီ၊ ကိုစိန်မော်တော် (၃၀) နှစ်(ဘ) ဦး အော်မီလော်နှင့် နောက်ထပ် ဒက်ရွာမှ ရခိုင်တစ်ဦးတို့ ဖြစ်ကြောင်း ‌ဒေသခံများတဆင့် သိရသည်။

 

ဖခင်ဖြစ်သူက "သူတို့က ရိုးရိုးသားသားနေထိုင်‌နေကြသူတွေပါ။ ရွှေဇား ဟိန္ဒူကျေးရွာက ဆွေမျိုးတွေဆီကိုသွားတာ။ လမ်းမှာ စစ်သားတွေက သူတို့ဖုန်းတွေကို စစ်ဆေးပြီး ကားပေါ် ခေါ်တင်သွားတာလို့သိရတယ်"ဟု ပြောဆိုသည်။

 

ထိုအတူ မေလ ၂၉ ရက် နေ့လယ်ပိုင်းတွင်လည်း အောင်မြေဗောဓိကျေးရွာမှ ဒေသခံရခိုင် ၅ ဦးအား ထပ်မံ ဖမ်းဆီး သွားကြောင်း မျက်မြင်ဒေသခံများထံမှသိရသည်။

 

အခုလို စစ်ကောင်စီမှအများပြည်သူများအား နေ့ရောညပါ ဖမ်းဆီးမူများရှိနေပြီး ဖမ်းဆီးခံရသူ တချို့မှာလည်း မိသားစုနှင့် ဆက်သွယ်မရဘဲ ပျောက်ဆုံးနေသဖြင့်  မောင်တောမြို့ပေါ်ရှိ မွတ်ဆလင်၊ ရခိုင်၊ ဟိန္ဒူစသည့် အပြစ်မဲ့ပြည်သူများမှာ စိုးရိမ်မူများစွာ မြင့်တက်လျှက်ရှိ‌‌နေကြရပြီး‌ ဈေးရောင်းဈေးဝယ်ရန် အပြင်ကို‌‌ တောင်မထွက်ဝံ့အောင် အထိ စိုးရိမ်‌နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

 

 မေလ ၂၈ ရက် ညနေ ၆ နာရီ ကျော်၌ အာလီသား‌ ရေကန်ဘောင်ထက်၌ ဘီယာသောက်နေကြတဲ့ လူငယ် ၅ ဦးအား စစ်တပ် မှ ဖမ်းဆီးစစ်‌ဆေးပြီး  ၂၉ ရက်နေ့ နံနက်၌ ပြန်လွတ်ပေးလိုက်ကြောင်း ဒေသခံများထံမှသိရသည်။

 

ထိုအတူ မေလ ၂၇ ရက်နေ့၌လည်း မြို့မ‌မြောက်ရပ်ကွက် ရှိတ္တာကျေးရွာနှင့် ဝိမလကျေးရွာများအား စစ်တပ်အင်အား ၃ဝဝ ခန့် ဝိုင်းရံပိတ်ဆို့ပြီး ရခိုင်၊ဟိန္ဒူ နှင့် မွတ်ဆလင် ကျား/မ (၂၀၀)ခန့်အား အမှတ်(၃) ရပ်ကွက် မူလွန်စာသင်ကျောင်း၌ ဖမ်းဆီးထားခဲ့ပြီး တရားခံများပမာ  မျက်နှာများကို  အဝတ်စည်း‌နှောင်ကာ စစ်‌‌ဆေးမူများ၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

ဆက်စပ် သတင်းများ