အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ပလက်ဝမြို့တွင် AA နှင့် စစ်ကောင်စီတပ်တို့ နေ့ရောညပါ တိုက်ပွဲပြင်းထန်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် အနီးတဝိုက်တောင်တန်းများတွင်တည်ရှိသည့် စစ်ကောင်စီတပ် ကာကင်းများကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်နေသဖြင့် တိုက်ပွဲများမှာ နေ့ရောညပါ ပြင်းထန် ဖြစ်ပွားနေကြောင်း ပလက်ဝမြို့ခံများက ပြောသည်။

ယနေ့ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းကပင် ပလက်ဝမြို့အနောက်ဘက် ရေတံခွန်တောင်တန်းနှင့် ပလက်ဝမြို့အရှေ့ဘက် မီးလက်ဝတောင်တန်းနှင့် TV တောင်တို့တန်းတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပလက်ဝမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

" တိုက်ပွဲဆက်တိုက်ကိုဖြစ်နေတာ။ ညလည်းတစ်ညလုံးလိုလိုတိုက်ပွဲဖြစ်တယ်။ အခုမနက်ပိုင်းကပဲ အခုအချိန်ထိတိုက်ပွဲပြင်းထန်နေတယ်" ဟု ယနေ့ ဇန်နဝါ နေ့လယ် ၁ နာရီအချိန် နိရဉ္စရာသတင်းဌာနက  ဆက်သွယ်မေးမြန်းရာ ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့်တောင်တန်းများတွင် စစ်ကောင်စီတပ်ကာကင်းများရှိပြီး အဆိုပါ ကာကင်းများကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပလက်ဝမြို့ခံများက ပြောသည်။

" အခုဖြစ်နေတဲ့နေရာတွေမှာက မြို့ပေါ်တပ်ရင်း စစ်ဌာနချုပ်  စစ်တပ်ကာကင်းတွေရှိတယ်။ တိုက်ပွဲက အတော်ပြင်းနေတယ်။ ကာကင်းတွေကို AA ကဝင်တိုက်တာနဲ့တူတယ်" ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာတောင်တန်းများသို့ ပလက်ဝအခြေစိုက် စစ်ကောင်စီ ခမရ (၂၈၉) တပ်ရင်း ဌာနချုပ်က နေ့ရောညပါ လက်နက်ကြီး အဆက်မပြတ်ပစ်ကူပေးနေသလို ယမန်နေ့  မိုးထပိုင်းတွင် ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် တိုက်ခိုက်ခဲ့ပြီး ယနေ့ ညနေပိုင်း၌ ဒရုန်းဖြင့် တိုက်ခိုက်နေသည်ဟု ပလက်ဝမြို့ခံများက ပြောသည်။

ပလက်ဝမြို့အနီး မီးလက်ဝတောင်မှ စစ်ကောင်စီတပ်အား ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီလ ၃ ရက်လောက်ကပင် ထိုးစစ်ဆင်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ လက်ရှိ အချိန်ထိ မြို့အနီးရှိ တပ်စခန်းများကို သိမ်းပိုက်ခြင်း ရှိ/မရှိကို မသိရသေးကြောင်း ပလက်ဝမြို့ခံများက ပြောသည်။

ပလက်ဝဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုမျှမကျန် အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား နှစ်ဘက်အပြန်အလှန် တိုက်ပွဲများနှင့်အတူ တိုက်ပွဲအရှိန် သည်လည်း ဆက်လက်မြင့်တက်လျက်ရှိသည်ဟု ဇန်နဝါရီ ၅ ရက်နေ့ ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် AA က ပလက်ဝဒေသနှင့် ရခိုင်ပြည်အတွင်းရှိ  စစ်ကောင်စီ တပ်ရင်း၊တပ်ဖွဲ့၊ တပ်စခန်းများနှင့် ဗျူဟာကုန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်မည်ဟု ဇန်နဝါရီလ ၃ ရက် ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ပလက်ဝဒေသတွင် သိမ်းပိုက်ရန်ကျန်ရှိနေသောစခန်းများမှာ ခလရ- ၂၃၃၊ ခမရ- ၃၇၄၊ ခမရ- ၃၇၆၊ ခမရ- ၃၀၈၊ ခမရ- ၂၁၁၊ ခမရ- ၂၁၇၊ ခလရ- ၂၈၉နှင့် ခမရ- ၂၂၀ တို့ဖြစ်ကြောင်းလည်း ထုတ်ပြန်ပြောဆိုထား သည်။(NN-23)

ဆက်စပ် သတင်းများ