ယခုနှစ်
ဖော်ဖော်ဝါရီလ ၁ရက် စစ်တပ်မှအာဏာသိမ်းသည့်နေ့မှစ၍ မြန်မာ့နိုင်ငံရေးအခြေအနေမှာ
တစတစယိုယွင်းပြိုကွဲလာသည်နှင့်အမျှ ၎င်းနှင့််ကျွဲကူးရေပါသွားသည်မှာ ပုံနှိပ်
သတင်းစာ၊ ဂျာနယ်များပင် ဖြစ်သည်။ နေ့စဥ်ထုတ် ပုဂ္ဂလိကပုံနှိပ်သတင်းစာများ၊
ပတ်စဥ်ထုတ်ဂျာနယ်များ အခြေပျက် ပြိုဆင်းသွားကြသည်။ တချို့သတင်းစာ
ဂျာနယ်များမှာ လုံးဝရပ်ဆိုင်းပျောက်ကွယ်သွားသည်များရှိသလို
တချို့သတင်းစာ၊ ဂျာနယ်များမှာတော့ အွန်လိုင်းသတင်းမီဒီယာအဖြစ်နှင့်သာ ရပ်တည်သွားကြသည်များလည်း
မြင်တွေ့လာရသည်။ နိုင်ငံတစ်နိုင်ငံတွင် ပုံနှိပ်သတင်းစာ ဂျာနယ်များ
ကွယ်ပျောက်ခြင်းသည် ၎င်းနိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံရေး၊
စီးပွားရေး၊ လူမူရေး အစရှိသဖြင့် ရေးရာအဖြာဖြာကို စောင့်ကြည့်ထိန်းကျောင်းနေသော
မျက်လုံးများကန်းသွားခြင်းပင်ဖြစ်သည်။ နိုင်ငံသူ
နိုင်ငံသားများ၏ မျက်စိ နားများ အပိတ်ခံလိုက်ရခြင်းပင်ဖြစ်သည်။ ပြတင်းပေါက်များ
အပိတ်ခံလိုက်ရခြင်းဖြစ်သည်။ ထိုအထဲ ကံကောင်းသည်မှာ စာရေးသူတို့ရခိုင်ပြည်တွင်
ပြတင်းပေါက်တပေါက်ပွင့်နေသေးသည်။ ပုံနှိပ်သတင်းဂျာနယ် ပြတင်းပေါက်ပင်။
နိရဥ္စရာပြတင်းပေါက်ပင်ဖြစ်သည်။ ရှေ့ဆက်ပြီးလဲ ပွင့်နေပါစေဟု
ဆုမွန်တောင်းနေရပါသည်။ သို့မှ ရခိုင်ပြည်သူများ၏ နားများ မျက်စိများ
မကန်းဖြစ်မည်။ ပြည်သူများ မျက်စိပွင့် နားပွင့်ဖြစ်ပြီး
အမှောင်မှာ စမ်းတဝါးဝါးမဖြစ်တော့မည် ဖြစ်သည်။
(ဤနေရာတွင်
ကြိုတင်ပြောလိုသည်မှာ ဤဆောင်းပါးသည် နိရဥ္စရာသတင်းဂျာနယ်အား
ကြော်ငြာပေးနေခြင်းမဟုတ်ပါ။ အရှိကို အရှိတိုင်း အဟုတ်ကိုအဟုတ်တိုင်း
တင်ပြဖော်ပြခြင်းမျှသာဖြစ်သည်။ )
မြန်မာနိုင်ငံရှိ ပုံနှိပ်သတင်းစာ၊
ဂျာနယ်များ၏ အနိမ့် အမြင့်သည်လည်း လူ့သဘာဝလောကဓံအနိမ့် အမြင့်ကဲ့သို့ နိုင်ငံရေး ဒီရေအတက်အကျပေါ်တွင်
မူတည်ခဲ့သည်။ မူတည်နေဆဲဖြစ်သည်။ အာဆီယံ သတင်းလွတ်လပ်ခွင့်၊
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်များ၏ အောက်ခြေဘိတ်ဆုံးမှ တွန်းတက်ရန်
အားယူနေဆဲကာလတွင် အမှောင်တိုက် ဖုံးလွှမ်းခံလိုက်ရပြန်သည်။ ရောင်နီမြင်ရအံ့ဆဲဆဲတွင်
အမှောင်မိုးရိပ်များတဖန် ကျရောက်လာသည်။ လှော်နေရင်း
တက်ကျိုးခဲ့ရပြီ။ သို့သော်
နိရဥ္စရာသတင်းဂျာနယ်သည် ယခုလောလောဆယ် စာရေးသူတို့
ရခိုင်ပြည်တွင် တပေါက်တည်းသော ပုံနှိပ်ပြတင်းပေါက် သတင်းဂျာနယ်အဖြစ်
ဆက်လက်အလင်းပေးနေသေးသည်။ ရခိုင်ပြည်တွင် တကောင်တည်ပြေးနေသော
မြင်းဖြစ်သည်။ ပြည်သူ့အတွက် နား မျက်စိအဖြစ် ရပ်တည်နေသော
သတင်းဂျာနယ်ဖြစ်နေသေးသည်။ မယိုင်မလဲ ဖြောင်းတန်းနေသေးသည်။ သို့သော်
လောကသဘာဝအရ အနိမ့်အမြင့် ကြုံတွေ့ရနိုင်သည်။ နိမ့်တခါ
မြင့်တလှည့်လောကဓံပင်။ ကြိုတင်ပြင်ဆင်ထားလျှင် ပိုကောင်းသည်။ အနိမ့်လောကဓံအား
ခံခဲ့ကြုံခဲ့ရပြီးဟု ဆိုချင်သည်။ အဘယ့်ကြောင်းဆိုသော် ဂျာနယ်သည်
ကာလတခုတိုင် ရပ်နားခဲ့ရသည်မဟုတ်လား။ သို့သော် ယခုတဖန် ပြန်၍ အားသစ်လောင်း
ပေါ်ထွက်လာလေပြီ။ ရခိုင်ပြည် အခြေစိုက်ဖြစ်၍ ရခိုင်သတင်းများအမှောင်
မကျတော့ပေ။
ထိုကဲ့သို့ပင်
စာရေးသူတို့ ရခိုင်ပြည်တွင် ၂၀၁၀ နောက်ပိုင်း မီဒီယာအခန်းကဏ္ဍအနည်းငယ်ပွင့်လင်းလာသော ခေတ်တွင်
နိရဥ္စရာကဲ့သို့ သတင်းစာဂျာနယ်များ အလျှိုလျှိုပေါ်ထွက်ခဲ့ဖူးသည်။
ပြီးလျှင် ပျောက်သွားကြပြန်သည်။ မြင်လိုက်ပျောက်လိုက် ပေါ်လိုက်
မြုပ်လိုက်ပင်။ အမြဲတမ်း စီးနေသော မြစ်ရေကဲ့သို့သော သတင်းဂျာနယ်များ
မဖြစ်ခဲ့ကြပေ။ ထိုသို့ဖြစ်ခဲ့ကြရခြင်းမှာ အဘယ်ကြောင့်နည်း။
ရခိုင်ပြည် စျေးကွက်တခုတည်းကိုသာ အားကိုးနေရပြီး ရခိုင်ပြည်များ၏
သတင်းစာ ဂျာနယ်အပေါ် ဝယ်ယူဖတ်ရှုမှု နည်းပါးခြင်းကြောင်း ဘဏ္ဍာရေးယိုင်လဲသွားရခြင်းများလား။
ထို့သို့ မဟုတ်ပါက ပြည်သူများက fake သတင်းစာ ဂျာနယ်များအဖြစ် သတ်မှတ်ပြီး
သပိတ်မှောက်လိုက်ကြခြင်းကြောင်းလား။ တွေးတောစဥ်းစားစရာပင်။
မည်သို့ပင်ဖြစ်ဖြစ် သတင်းစာ ဂျာနယ်တစောင် ရပ်သွားခြင်းသည်
ပြည်သူများအတွက် ပြတင်းများ ပိတ်သွားခြင်း၊ နား မျက်စိများ ကန်းသွားခြင်းပင်ဖြစ်သည်။
ယခုတော့ နိရဥ္ရရာသည် ဆက်လက်အောင်လံလွှင့်နေဆဲဖြစ်သည်။ ဆက်လက်၍လည်း
အောင်လံလွှင့်သွားရန် ဆန္ဒပြုလိုသည်။ လက်ရှိရပြည်သူများအတွက်
တခုတည်းသော ပြတင်းပေါက် အမြဲတမ်းပွင့်နေပါစေ။ သို့သော်
တကောင်တည်းပြေးနေသော မြင်းဆိုတိုင်း ထင်ရာမစိုင်းမိစေရန်လည်း အရေးကြီးပေသည်။
ပြည်သူ့ဖက်မှ ရပ်တည်သော ပြတင်းပေါက်ဖြစ်ပါစေ။ ထိုပြတင်းပေါက်
ဆက်လက်ပွင့်နေနိုင်ရန်လဲ ရခိုင်ပြည်စျေးကွက်တခုတည်းသာရပ်တည်နေရသည့်အတွက် ရခိုင်ပြည်သူများမှလည်း
မိမိနား မျက်စိများ ကန်းမသွားစေရန် ပိတ်မသွားစေရန် ပြည်သူအပေါ်
သစ္စာရှိနေသရွေ့
တာဝန်တရပ်အနေဖြင့် ၎င်းဂျာနယ်အား ကျားကန်ပေးနေရန် လိုအပ်ပေသည်။
ထိုနည်း၎င်း စာရေးသူအမြင်အရ
သတင်းစာ ဂျာနယ်တို့၏ ပြည်သူ့အတွက်ရပ်တည်ချက်တွင် သတင်းသည် အတင်းမဖြစ်ဖို့အရေးကြီးသလို
သတင်းသည် ပြည်သူများ သိသင့်သိထိုက်သည့် အမှန်တရားများကိုသာ
မကွယ်မဝှက်ဘဲ ချပြဖော်ပြပေးသင့်သည်။ ထို့အပြင် သတင်းသည် ပြည်သူများကို
အကြောက်တရားများ ဖန်တီး မှိုင်းတိုက်သည့် ဝါဒအိတ်ဆောင်မဖြစ်ဖို့လဲ
အရေးကြီးပေသည်။ ဂျာနယ်အချို့သည် စတင်ထုတ်ဝေစအချိန်အခါမှာတော့ ပြည်သူ နား
မျက်စိအဖြစ် ထွက်ပေါ်လာကြပြီး အချိန်ကြာလာသည့်နှင့် အမျှ၊
နာမည်ရလာသည်နှင့် အမျှ တဖက်စောင်းဘက်လိုက်များဖြစ်သွားတတ်သည်။
အထိန်းအကွပ် မဲ့သွားကြသည်။ အဖွဲ့အစည်းတခုခု ၊ပါတီတခုခု၊ ဝါဒတခုခု၏
လက်ကိုင်တုတ်အဖြစ် မသိမသာတမျိုး၊ သိသိသာသာတမျိုး အသွင်ပြောင်းသွားတတ်ကြသည်။
မိမိဂျာနယ် သတင်းစာ အစောင်ရေများများ ထုတ်ဝေနိုင်မည့်ဘက်ကို လိုက်ရင်း
ပြည်သူ့ဖက်မှ တဖြည်းဖြည်းစွန့်ခွာပြီး
ပြည်သူ့သစ္စာဖောက်ဖြစ်ကာ လူတစု၏လက်ကိုင်တုတ်များအဖြစ်
ယိုင်သွားတတ်ကြသည်။ သတင်းသမား၊ သတင်းစာ ဂျာနယ်များ၏
ဖြောင့်မတ်မှန်ကန်သော ရပ်တည်ချက်များသည်လည်း လူတစု၏အရှိန်အဝါများအောက်တွင်လည်းကောင်း၊
ငွေကြေးလွှမ်းမိုးမှုအောက်တွင်လည်းကောင်း ငုပ်လျှိုးပျောက်ကွယ်သွားတတ်ကြသည်။ သာဓကပြနိုင်သည့်
သတင်းစာ ဂျာနယ်များ အများအပြားပင်ရှိသည်။ သို့သော်လည်း မဖော်ပြတော့ပေ။
သတင်းစာ ဂျာနယ်ပုံမှန် ဖတ်ရှူခဲ့ကြသည့် ပြည်သူများနှင့် သတင်းလောကသမားများ
အားလုံးအသိပင်ဖြစ်သည်။ သတင်းစာ ဂျနယ်များဖက်မှ တွေးတော ချိန်ဆစရာပင်။
အချုပ်အားဖြင့်ဆိုရသော်
ယခုနိရဥ္စရာသတင်းဂျာနယ်သည်ကား ပင်တိုင်ဆောင်းပါးရှင်များဖြစ်သော
ဆရာကျော်ဇံသာ၏ နိုင်ငံတကာရေးရာ ဆောင်းပါးများ၊ ဆရာမောင်မောင်စိုး၏ တိုင်းရင်းသားရေးရာဆောင်းပါးများ၊ ဆရာရက္ခ
ရခိုင့်မျက်မှောက်ရေးရာများ စသဖြင့် ပြည်သူများ သိသင့်သိထိုက်သည့် နိုင်ငံရေးဆောင်းပါးများနှင့်
အခြား ရခိုင်ပြည်အနှံ့က စာရေးဆရာများ၏ သုတ ရသ
အတွေးဆောင်းပါးများ၊ ခေတ်ကို ထင်ဟပ်သောကဗျာများ၊ အင်တာဗျူးများဖြင့် ပြတင်းပေါက်မှ
လေသန့်များ ပြည်သူ့ထံသို့ အအေးဓာတ်ပေးနေသည်။ ထို့အပြင် တာဝန်ခံ၊
တာဝန်ယူမှုမရှိသော fb သတင်းများထက်စာရင်
တာဝန်ခံမှု တာဝန်ယူမှုရှိသော
ပုံနှိပ်မီဒီယာမှ သတင်းများကို ပြည်သူများမှ ယုံကြည်အားကိုးနေကြသည်။
ပြည်သူများအတွက် သစ္စာရှိသော Watch dog ကဲ့သို့ သတင်းမှန်များဖြင့် အောင်လံလွှင့်နေသည်။
ပြည်သူ့ဘက်တော်သား၊ အမှန်တရားဘက်တော်သား သတင်းဂျာနယ်အဖြစ် ရပ်တည်နေသည်။
သို့ကြောင့် ဆက်လက်၍လဲ မည်သည့်အကြောင်းနှင့်မှ လူတစု၏
လက်ကိုင်တုတ်အဖြစ် ယိုင်မသွားဘဲ အမှန်တရား ဖက်တော်သားအဖြစ်သာ
မြစ်ရေကဲ့သို့ ဆက်လက်စီးဆင်းသွားနိုင်ပါစေဟု ဆန္ဒပြုရင်း...... ။
ခိုင်မြဲအောင်