( စစ်အာဏာသိမ်းပြီး (၂) နှစ်အကြာ မြန်မာလူမှုဘဝ )
မြန်မာပြည်ပြန်သွားဖို့ မောင်မြိုးအစီအစဉ်မရှိတော့ပါ။ ခုဆိုရင် သူ ဘန်ကောက်ရောက်နေတာ(၁၀)လပြည့်တော့မယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်၊ မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် မောင်မြိုးရဲ့ ဘဝဟာ ရုတ်တရက်အမှောင်ကျသွားတယ်။ အခြေအနေတွေက အရင်လိုမဟုတ်တော့ဘူး။ သူ့ အသက်(၃၇)နှစ်။ ဆက်သွယ်ရေးကုပ္မဏီတစ်ခုမှာ ကွန်ပျူတာအင်ဂျင်နီယာ။ တစ်နေ့တခြား ဆိုးရွားလာနေတဲ့ပြည်တွင်းစစ်၊ အစိုးရဆန့်ကျင်သူတွေကို ဖမ်းဆီးနှိပ်စက်မှု၊ ပစ်ခတ်မှု၊ ပေါက်ကွဲမှု၊ မီးရှို့ဖျက်ဆီးခံရမှုတွေ၊ကြီးထွားလာတဲ့ ကုန်ဈေးနှုန်းနဲ့ မသေမချာ မရေရာတဲ့ အနာဂတ်တွေက သူ့ကို မြန်မာပြည်က ထွက်ခွါဖို့တွန်းပို့နေတယ်။ အနာဂတ် မရေရာတဲ့ ငရဲဘုံကို စွန်ခွါဖို့ သူဆုံးဖြတ်လိုက်တယ်။
ဝမ်းနည်းစွာနဲ့ပဲ ဆက်သွယ်ရေး ကုမ္ပဏီက သူ နှုတ်ထွက်ခဲ့တယ်။ မိသားစုကို နှုတ်ဆက် ရန်ကုန်ကို ကျောခိုင်းပြီး
ဘန်ကောက်ကို ထွက်လာခဲ့တယ်။ ၂၀၂၂ ခုနှစ် မတ်လ။
" အခု ပုံမှန်ဝင်ငွေတော့ မရှိဘူး။ ဒါပေမယ့် ကျွန်တော် ကြိုက်တယ်"
မောင်မြိုးအတွက်တော့ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နေရတဲ့ဘဝဟာ စိန်ခေါ်မှု တစ်ခုပါ။ သူက ထိုင်းစကားလည်း မတတ်သလို ပုံမှန်ဝင်ငွေလည်းမရှိ။ အလုပ်လုပ်ခွင့် work permit လည်းမရှိ။
တစ်လ တစ်လ လကုန်ရင် အိမ်ငှားခပေးဖို့ သူ ယောက်ယက်ခတ်နေရတယ်။ ထိုင်းမှာ တရားဝင်အလုပ်လုပ်နိုင်ဖို့ အခွင့်အရေးတွေ ရှာဖွေရင်းနဲ့ ဖြတ်သန်းနေရတယ်။ အိမ်ကို ပြန်ချင်စိတ် မကုန်သေးပေမယ့် စစ်အုပ်ချုပ်ရေးအောက်မှာ သူ့အနာဂတ်တွေဟာ မှောင်မဲနေတယ်။သူ မပြန်ချင်ဘူး။
မောင်မြိုးလိုပဲ မြန်မာပြည်သူတွေဟာ ခံစားနေရတယ်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းလိုက်ချိန်က စလို့ မြန်မာပြည်မှာ ဦးနှောက်ယိုစီးမှုတွေ စတင်ဖြစ်ပေါ်လာခဲ့တယ်။ ကျွမ်းကျင်လုပ်သားတွေဟာ
ပြည်ပနိုင်ငံတွေကို ပြောင်းရွှေ့ အခြေစိုက်လာကြတယ်။
ထူပြောလာတဲ့ အလုပ်လက်မဲ့ပြဿနာ၊ တစ်နေ့တခြား ကြီးထွားလာနေတဲ့ ကုန်ဈေးနှုန်း နဲ့ ထိုးကျသွားတဲ့မြန်မာ ကျပ်ငွေတန်ဖိုးတွေကြောင့် လူအများအပြားဟာ ပြည်ပနိုင်ငံတွေမှာအခွင့်အရေးရှာဖို့ ကြိုးပမ်းလာခဲ့ကြတယ်။ ဒီအထဲမှာ မောင်မြိုးနဲ့အတူ သူ့ဦးလေးတွေ၊ သူငယ်ချင်းတွေနဲ့
ကျောင်းနေဖက်တွေလည်း ပါဝင်တယ်။
" ရန်ကုန်မှာ သူတို့ ဆက်မနေချင်ကြတော့ဘူး။ ရှိတာတွေအားလုံး ထားခဲ့ပြီး သူတို့ ဒီကို ရောက်လာကြတယ်။"
" ကျွန်တော်ကတော့ ဒါ ကျွန်တော့်အိမ်လိုပဲ ခံစားရတယ်။ ကျွန်တော်သိတဲ့လူတွေအားလုံး ဒီကိုရောက်နေ ကြတယ်လေ"လို့ မောင်မြိုးက ပြောတယ်။
စင်္ကာပူ၊ ထိုင်း နဲ့ ယူအေအီး နိုင်ငံတွေဟာ မြန်မာကော်လာဖြူလုပ်သားတွေ ပြောင်းရွှေ့လုပ်ကိုင်ဖို့ နှစ်သက်တဲ့ ပြည်ပ နိုင်ငံတွေဖြစ်တယ်။
မောင်မြိုးရဲ့ ပြောဆိုချက်အရဆိုရင် ဧည့်ခံပြုစုမှု နဲ့ စပ်ဆိုင်တဲ့ အလုပ်ရှာချင်တွေက ယူအေအီးကို ရွေးကြပြီး အင်ဂျင်နီယာတွေက စင်္ကာပူကို ရွေးချယ်ကြတယ်။ ကိုယ့်မှာ ကျွမ်းကျင်မှုသတ်သတ်မှတ်မှတ် မရှိသူတွေကျတော့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရွေးချယ်ကြတယ်။
ဒါပေမယ့် နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ရပ်တည်ရတာကတော့ မလွယ်ကူလှပါဘူး။ မောင်မြိုးရဲ့ အပြော အရဆိုရင် သူအပါအဝင် မြန်မာနိုင်ငံက ကျွမ်းကျင်လုပ်သားတွေ ထိုင်းမှာ အမြဲတမ်းအလုပ်တစ်ခု ရဖို့ အတော် ရုန်းကန် ရတယ်လို့ဆိုတယ်။ အဓိက က ဘာသာစကား နဲ့ ဗီဇာ အခက်အခဲပါ။
ထိုင်းကို ရောက်လာကြတဲ့ သူတို့အတွက် ယာယီဖြေရှင်းမှုတစ်ခုက တက္ကသိုလ်၊ ကောလိပ်တစ်ခုခုမှာ
ဝင်ခွင့် ရယူပြီး ကျောင်းသားဗီဇာနဲ့ နေထိုင်တာဖြစ်တယ်။ ကျောင်းသားဗီဇာနဲ့ နေသူတွေဟာ အလုပ် လုပ်ခွင့်မရှိပေမယ့် သူတို့အလုပ်လုပ်ကိုင် ရှာဖွေတာကိုတော့ ဟန့်တားလို့ မရနိုင်ခဲ့ဘူး။
ဥပမာအားဖြင့် မောင်မြိုးက ထိုင်းဘာသာစကားသင်တန်းတစ်ခု တက်ရောက်နေရင်းနဲ့ မြန်မာပြည်ကဖောက်သည်တွေကို အကျိုးဆောင်ပေးတဲ့ အေးဂျင့်အလုပ် လုပ်နေတယ်။
" သူတို့ ဘန်ကောက်မှာ ဘာလုပ်ချင်သလဲ ကျွန်တော်က သူတို့ကိုယ်စားဆောင်ရွက်ပေးတယ်"
" သူတို့ ဘန်ကောက်မှာ ကွန်ဒိုအခန်း ဝယ်ချင်သလား.. ကျွန်တော် ရှာပေးတယ်။ ကျွန်တော်က ဒီမှာနေပြီး သူတို့အတွက် သတင်းအချက်အလက်တွေ စုဆောင်းပေးတယ်"
မောင်မြိုးလို ကိုယ်ပိုင် အကျိုးဆောင်လုပ်ငန်းက ပုံမှန်ဝင်ငွေ မရှိပေမယ့် ဘန်ကောက်မှာ အဆင်ပြေပြေ
နေနိုင်တယ်။ သူက အွန်လိုင်းပေါ်မှာပဲ အချိန်ပြည့်နီးပါးအလုပ်လုပ်ပြီး တစ်လ ဘတ် ၅၀၀၀၀ နဲ့
၇၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၂၀-၂၁၃၀) ကြား ဝင်ငွေ ရှိတယ်။ ရန်ကုန်မှာ သူရတဲ့ လခ (ဒေါ်လာ ၆၁၀)နဲ့ ယှဉ်ရင် များတယ်လို့ ဆိုရမယ်။
ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ ကိုဗစ်-၁၉ ရိုက်ခတ်မှု နဲ့ စစ်အာဏာသိမ်းပြီး နောက်မှာ မြန်မာနိုင်ငံက ဆယ်စုနှစ်တစ်ခုစာ ကြိုးစားခဲ့တဲ့ ဆင်းရဲမွဲတေမှု လျှောချရေးဟာ လုံးဝပျက်စီးသွားခဲ့ပြီးလူဦးရေရဲ့ ၄၀% ဟာ အမျိုးသား ဆင်းရဲမွဲတေမှုမျဉ်း (national
poverty line ) အောက်မှာ နေထိုင် နေကြရတယ်လို့ သိရတယ်။
အလုပ်လက်မဲ့ပြဿနာဟာ နိုင်ငံရဲ့အကြီးမားဆုံး ပြဿနာဖြစ်နေတယ်။ ၂၀၂၁ ခုနှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ၁.၈ သန်း ဆုံးရှုံးသွားတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (
ILO) က ဆိုတယ်။
မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးအောက်မှာ အချိန်ကြာကြီး နေရတဲ့ နိုင်ငံတစ်ခုပါ။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးခဲ့ချိန်က စရေတွက်ရင် ၄၉ နှစ် ရှိပါပြီ။ ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ အချိန်အထိတော့
မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေး ဆယ်စုနှစ်တစ်ခုလောက် ခံစားလိုက်ကြရသေးတယ်။
" အာဏာသိမ်းပြီးစ ပထမနှစ်မှာ လူအတော်များများက ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။ ဒါပေမယ့်အခြေအနေတွေက ရှေ့မတိုးနောက်မဆုတ်နဲ့ ဒရွတ်တိုက်ဆွဲလာတဲ့အခါ နိုင်ငံဟာ မူလအခြေအနေမျိုး ပြန်ရောက်ဖို့ မဖြစ်နိုင်တော့တဲ့အနေအထား ဖြစ်လာတယ်" လို့ နတ်တီ တန်မီးဆန်ဆိုသူ မြန်မာပြည်မှာ နေဖူးတဲ့ ထိုင်းဘလော့ဂါက ဆိုတယ်။
သူမဟာ ဆယ်စုနှစ်တစ်ခုမက မြန်မာပြည်ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို လေ့လာနေသူဖြစ်ပြီး သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာဟာ ဖော်လိုဝါ ၇၆၀၀၀ အထိ ရှိတယ်လို့ ဆိုတယ်။
" စစ်အာဏာသိမ်းမှုနဲ့အတူ ဒီအာဏာသိမ်းမှု ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ မသိဘူး။ အရင်က ဖြစ်ခဲ့တာတွေနဲ့ ချိန်ဆကြည့်ရင်တော့ ဆယ်စုနှစ် တစ်ခုမက ကြာတာတွေ့ရတယ်။ ဒါကြောင့်
လူအတော်များများက တိုင်းပြည်က ထွက်ခွါဖို့ စဉ်းစားလာခဲ့ကြတာဖြစ်တယ်" လို့ သူမက ဆိုတယ်။
ထိုင်းဘလော့ဂါ တန်မီးဆန် ရဲ့အဆိုအရ ချမ်းသာကြွယ်ဝတဲ့ မြန်မာတချို့ဟာ ထိုင်းနိုင်ငံမှာ အိမ်ခြံမြေတွေလာရောက် ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံနေကြတယ်လို့ဆိုတယ်။ ဒါဟာ မြန်မာကျပ်ငွေတန်ဖိုး တစ်နေ့တခြားကျဆင်းလာလို့ဖြစ်တယ်။
ပြီးခဲ့တဲ့နှစ်က ထိုင်း အိမ်ခြံမြေကဏ္ဍမှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုမီနီယံ ပိုင်ဆိုင်မှုဟာ ရုတ်တရက် ထိုးတက် လာခဲ့တယ်။
ထိုင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ဇန်နဝါရီ နဲ့ စက်တင်ဘာလ အတွင်း နိုင်ငံခြားသားတွေက တိုက်ခန်းယူနစ်ပေါင်း (၇၂၉၀) ဝယ်ယူခဲ့ကြပြီး အဲဒီအထဲမှာတရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ မြန်မာ တို့ ပါဝင်တယ်။
တန်ဖိုးအရ မြန်မာတွေရဲ့ ဝယ်ယူမှုဟာ သိသိသာသာ များပြားခဲ့တယ်လို့ REIC ထောက်ပြခဲ့တယ်။ အဲဒီကာလအတွင်း မြန်မာတွေရဲ့ စုစုပေါင်း ကွန်ဒိုတိုက်ခန်းယူနစ် ဝယ်ယူမှု ပမာဏဟာ စံချိန်တင် ထိုင်းဘတ်ငွေ ၁.၃၄ ဘီလျံဖိုး ရှိခဲ့တယ်လို့ သိရတယ်။ တရုတ်၊ အမေရိကန်၊ ပြင်သစ် နဲ့ ရုရှားပြီးရင် ပဉ္စမ အများဆုံး ဖြစ်ခဲ့တယ်။
REIC ရဲ့ မှတ်တမ်းအရ
၂၀၁၈ ခုနှစ်ကတည်းက မြန်မာဟာ
ထိပ်တန်း ဆယ်နိုင်ငံစာရင်းထဲ တစ်ခါမှ မပါဝင်ခဲ့ဘဲ အခု ပါဝင်လာတာလို့ ဆိုတယ်။
" ထိုင်းဈေးကွက်ကို ပုံမှန်အားဖြင့် တရုတ်၊ဟောင်ကောင်၊ ထိုင်ဝမ်၊ ဗြိတိသျှ၊ စင်္ကာပူ ဝယ်လက်တွေပဲ မြင်ခဲ့ရာက အခု အရှေ့တောင်အာရှနိုင်ငံတစ်ခုက ဝယ်လက်ပစ်မှတ်တစ်ခု ပါလာတာတွေ့ရတယ်" လို့ ထိုင်းနိုင်ငံလူနေအိမ် အရောင်းစီမံကိန်း ဥက္ကဌ အတီတာယာကာဆမ်လဝမ်က ပြောဆိုခဲ့တယ်။
"ဥပမာအားဖြင့် မြန်မာတွေက အဓိကနေရာတွေဖြစ်တဲ့ စင်ထရယ် လုမ္မဏီ နဲ့ ဆူခွန်ဗစ်က အဆင့်မြင့်ကွန်ဒိုမီနီယံတွေကို စိတ်ဝင်စားမှု ပိုများတာ တွေ့ရတယ်" လို့ သူက ဆိုတယ်။
ထိုင်းနိုင်ငံမှာ အဆင့်မြင့် ကွန်ဒို မဝယ်နိုင်သူတွေကတော့ ဆက်နေနိုင်ဖို့အလုပ်အဆက်ပြတ် ရှာနေ ရမှာပါ။ ဒါဟာ အင်မတန် စိတ်ပင်ပန်းစရာတစ်ခုပါပဲ။
" ဒီမှာ ငွေက အဓိကပဲ။ သိပ်ရွေးချယ်စရာမရှိဘူး။ ရန်ကုန်မှာဆိုရင်တော့ ဒါမလုပ်ရင် နောက်တစ်ခုရွေးလို့ ရသေးတယ်။ ဒီမှာ တခြား ရွေးချယ်စရာ များများစားစား မရှိဘူး"
လို့ မောင်မြိုးက ပြောပါတယ်။
မောင်မြိုးရဲ့ တချို့ သူငယ်ချင်းတွေဆို ဒီကို ရောက်လာပြီး အဆင့်မြင့် ဘွဲ့လက်မှတ်တွေ ရထားတာတောင် ဒီနေ့အထိ အလုပ်ရှာမရလို့ စိတ်ဓါတ်ကျနေသူတွေလည်း ရှိတယ်။
" တကယ့် အကျပ်အတည်း ကာလတစ်ခုပါပဲ.."
( CNA မှ ထိုင်းသတင်းထောက် Pichayada
Promchertchoo ပီချာယာဒါ ပရွမ်ချာ့ချူး ၏
" Don't want to live in Yangon anymore" : Skilled workers
leaving for jobs abroad 2 years after Myanmar coup ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)