“ဒီနေ့ကမ္ဘာမှာ အကြီးကျယ်အဆိုးဝါဆုံးရောဂါဟာ တီဘီလည်းမဟုတ်ဘူး၊ အနာကြီးရောဂါလည်းမဟုတ် ဘူး၊ နှစ်သက်လိုလားသူ
မရှိတာ၊မေတ္တာထားခြင်း ၊ကြည့်ရှု့စောင့်ရှောက်ခြင်း ကင်းမဲ့နေခြင်းပင်ဖြစ်တယ်။”
(
မသာထရီဇာ)
သည်ကနေ့ လူ့အဖွဲ့အစည်းသည်
ရုပ်၀တ္ထုပစ္စည်း အလွန်ပင်တိုးတက်လာသော်လည်း စိတ်နလုံးသားများက မာကျောနေကြသည်။ သို့သော်
လူ့လောက၌ အတ္တစိတ်ကင်းပြီး ကိုယ်ချင်းစာနာစိတ်ထားရှိသူ၊ ကိုယ်ကျင့်တရား ကောင်းမွန်သူများသည်
ယခုဘဝမှာရော၊သံသရာအတွက်ပါ ကောင်းမှုကုသိုလ်များရရှိကြမည့်အပြင် အများက
ကြည်ညိုလေးစားနေကြပါသည်။ အများမလုပ်နိုင်သည့် ပရဟိတအလုပ်၊ သူတစ်ပါး မထားနိုင်သည့်စိတ်ဓာတ်၊
သူတစ်ပါး မစွန့်လွှတ်နိုင်သည့် စွန့်လွှတ်မှုမျိုးကို ကိုယ်ကျိုးစွန့်အနစ်နာခံမှုကို
သူမထံ၌ တွေ့မြင်နေရသည်။ သူမ နာမည်က ဒေါက်တာကျော့သာစိန်
ဖြစ်သည်။
၂၀၂၂-၂၃ ပညာသင်နှစ်တွင်
ဆေးတက္ကသိုလ်၊သွားဘက်ဆိုင်ရာတက္ကသိုလ်၊ပညာရေးတက္ကသိုလ်နှင့် အခြား
သက်မွေးဝမ်းကျောင်းတက္ကသိုလ်များကို တက်ရောက်ပညာသင်ယူရန်အခက်ခဲဖြစ်နေသည့်
ကျောင်းသူ၊ ကျောင်း သား(၃၃)ဦးအတွက် ဒေါက်တာကျော့သာစိန်သည် သူမ၏ပင်စင်လစာမှ
ထောက်ပံ့ကူညီပေးနေသလို တခြား အ လှူရှင်များမှ လှူဒါန်းနိုင်အောင်လည်း ကူညီဆောင်ရွက်ပေးနေသူဖြစ်သည်။
တလောကလည်း ဘူးသီးတောင်မြို့ နယ်မှ (၂)နှစ်သားအရွယ်ကလေးငယ်
မောင်ထက်မြတ်အောင် စအိုပေါက်မပါ၍ ရန်ကုန်မြို့၌ ခွဲစိတ်ကုသရန် ငွေ
ကြေးအခက်ခဲတွေ့နေသောကြောင့် ရခိုင်လူမူကယ်ဆယ်ရေးအသင်းမှ စောင့်ရှောက် ကူညီပေးနိုင်ရန်
သူမအနေ ဖြင့် ကူညီဆောင်ရွက်ပေးနေသည်များကို ဖေ့စ်ဘုတ်ပေါ်၌ မြင်တွေ့နေရပါသည်။
သူမသည် ယခုအချိန်မှ
လူမှုကူညီရေးပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေခြင်းမဟုတ် ယခင်နှစ်ပေါင်း များစွာကပင်
အများအကျိုးကို ကူညီလုပ်ဆောင်နေသူတစ်ဦးဖြစ်သည်။ နှစ်မွားပူး၊သုံးမွှာပူး
မိခင်များ
အောင် အောင်မြင်မြင် မွေးဖွားနိုင်ဖို့ ကူညီပေးနိုင်ခဲ့၍ နှစ်မွားပူး (၃၂ ) စုံ နှင့် သုံးမွှာပူး
(၁၄) စုံ တို့အား ကူညီပေးနိုင်ခဲ့ပြီး ဆက်လက်ထောက်ပံ့ပေးမှုများ ရှိနေရဆဲဖြစ်သည်။
စစ်တွေမြို့ဘိုးဘွားရိပ်သာ၌ သက်ကြီးရွယ်အိုဘိုးဘွားများ အား (၄)ကြိမ်မြောက်ပူဇော်ကန်တော့ပွဲပြုလုပ်ပေးနိုင်ခဲ့ပြီး
အကြမ်းဖက်ခံခဲ့ရသည့် အမျိုးသမီးများအား မွေးဖွား သည့်အထိ
ကူညီစောင့်ရှောက်မှုပေးခဲ့သည်။ သူမအနေဖြင့် အ.ထ.က(၁)၊စစ်တွေမြို့၌ စေတနာညကျောင်းကို
ဖွင့် လှစ်ပြီး ကျောင်းသား၊ကျောင်းသူ(၁၃၀)ကျော် တက္ကသိုလ်ဝင်တန်းအောင်မြင်နိုင်အောင်
လုပ်ဆောင်ပေးခဲ့သူ တစ် ဦးလည်း ဖြစ်နေရပါသည်။
ထို့ကြောင့် ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံအမျိုးသမီးများနေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဒေါက်တာကျော့သာ စိန်အား အမျိုးသမီးစွမ်းဆောင်ရှင်ဆုကို
ချီးမြှင့်ပေးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ရခိုင်လူမျိုးများမှချီးမြှင့်သော ရခိုင်တံခွန်ဆု
လည်းရရှိခဲ့ဖူးသည်။ ၂၀၂၂ ခုနှစ်၊ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ တွင်
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သော ‘’ လူမှုထူးချွန်တတိယဆု’’ နှင့် ရခိုင့်မျိုးစောင့်အဖွဲ့.( ARG)မှ ထပ်ဆင့်ဂုဏ်ပြုသည့်အနေနှင့်
ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဆုငွေငါးသိန်းကျပ်ချီးမြှင့်ခြင်းကို ခံခဲ့ရ
သည်။
ဒေါက်တာကျော့သာစိန်အနေဖြင့် ယနေ့အချိန်တွင်
ဂုဏ်ပြုဆုများစွာကို ချီးမြှင့်ခြင်းခံနေရသူဖြစ်သော်လည်း ငယ် ဘ၀တွင် ဆင်းရဲဒုက္ခမျိုးစုံကို
ခံစားခဲ့ရသူဖြစ်သည်။ ရှေးရိုးစွဲမိဘများမှမွေးဖွားလာခဲ့ရ၍ အမျိုးသမီး တစ်ဦး၌
သေစာရှင်စာတတ်လျင်ရပြီ၊ အိမ်ထောင်ကျချိန် လင်ယောက်ျား လုပ်ကျွေးမည်ဖြစ်သဖြင့်
မိခင်ဖြစ်သူမှ (၃)တန်းနှင့် ကျောင်းထွက်ခိုင်းခဲ့သည့် မိန်းကလေးတစ်ဦးက ‘ငါစာတတ်ရမည်၊ငါပညာတတ်ဖြစ်ရမည်’
ဆိုသည့်စိတ်ဓာတ်နှင့် ပညာသင်ကြားခဲ့၍ နောင်တစ်ချိန်၌ ဒေါက်တာဘွဲ့ရဆရာဝန်တစ်ဦးဖြစ်လာခဲ့သည်။
ထိုသို့အခက်ခဲများစွာကြားထဲ ပညာသင်ကြား၍ ဆရာဝန်တစ်ဦးဖြစ်လာခဲ့သော်လည်း
ဆရာဝန်ဖြစ်လာခဲ့ချိန် သူ့အတွက်အကျိုးရှိမည့်လမ်းကို မရွေးချယ်ဘဲ
အများအတွက်အကျိုးရှိမည့် ပရဟိတလူမှု့ကူညီရေးလမ်းကိုသာ ရွေးချယ်ခဲ့သူဖြစ်သည်။ ‘
ယနေ့အချိန်၌
ဆုများရှင်ဒေါက်တာကျော့သာစိန်သည် အသက်(၇၀)
နီးပါးအရွယ်
အိုမင်းရင့်ရော်မှု ဇရာလက္ခဏာပြနေသော်လည်း သူမရင်ထဲရှိ
ပရဟိတစိတ်ဓာတ်က ကုန်ခန်းမသွား။ အခုချိန်အထိ မိဘမဲ့ကလေးများကိုချီထမ်းနေတုန်း ခေတ်သစ်
မာသာထီရီဇာ ဒေါက်တာကျော့သာစိန်။ ငယ်ဘဝကတည်းက သူမဖြစ်ချင်ခဲ့သည့်
ရည်မှန်းချက်ကို အခက်ခဲကြား က မမှိတ်မသုန်လျှောက်လှမ်းခဲ့သူ၊
အတိတ်ပုံရိပ်မခမ်းနားခဲ့သော်လည်း ကိုယ်ယုံကြည်ရာလမ်းကို ဆက်လျှောက်
နေသူတစ်ဦး။
ဒေါ်ကျော့သာစိန်အား
၁၉၅၄ ခုနှစ်၊စက်တင်ဘာလ(၁၃)ရက်၊ သောကြာနေ့တွင် ဖခင် ဦးမောင်ဦးကျော်၊ မိခင်
ဒေါ်အေးသာနုတို့ထံမှ ရန်ကုန်မြို့ရှိ ဒန်ဖရင်ဆေးရုံတွင်မွေးဖွားခဲ့ပြီး
မောင်နှမကိုးဦးထဲတွင် ဒုတိယမြောက်သမီး ကြီးဖြစ်သည်။ မူလတန်းပညာအား အ.မ.က (၁၁)
တောင်ဥက္ကလာ၊ အလယ်တန်းမှ အထက်တန်းအထိ အ.ထ.က (၃)၊တောင်ဥက္ကလာတို့တွင်ပညာသင်ကြားခဲ့ပြီး
ဆယ်တန်း(၂)နှစ်ကျရှုံးခဲ့သည်။ ၁၉၇၄-၁၉၇၅ ခု၊ အ.ထ.က(၁)၊ တောင်ဥက္ကလာ
လူငယ်ရေးရာညကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့ချိန်တွင် အင်္ဂလိပ်၊သင်္ချာ ၊ဓာတုဗေဒ
ဂုဏ်ထူး ထွက်ပြီး အမှတ်ပေါင်း(၄၅၀) ရရှိခဲ့သည်။ အခက်ခဲမျိုးစုံကြားမှ
မလျော့သောဇွဲဖြင့် ကြိုးစားခဲ့၍ သူမ အနေဖြင့် ဆယ်တန်းတွင်
ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ဒေါ်ကျော့သာစိန်တို့မိသားစုတွင်
သားသမီးများအား သုံးနှစ်နှစ်ဦးမွေးဖွားနေခဲ့၍ ညီအစ်ကိုမောင်နှမများက
ဆိုင်းတီးဝိုင်းတွင် ဗုံကလေးများစီထားသလို ရှိနေခဲ့ရသည်။ ထိုအထဲတွင် သူမက
ဒုတိယမြောက် သမီးကြီးဖြစ် နေရ၍ အောက်ကမောင်ငယ်၊ညီမငယ်များကို
ချီပိုးထိန်းကျောင်းရသည်။ မိခင် ထမင်းချက်ပြုတ်နေချိန် လိုအပ်
သောမီးဖိုချောင်ပစ္စည်းများကို သူမမှ မောင်လေးကိုချီပိုးလျက် အိမ်ရှေ့
ဈေးဆိုင်သို့ ဆီ၊ဆား၊ငရုတ် သွားဝယ်ရသည်။ မိသားစုများ၍ ဖခင်လစာတစ်ခုဖြင့်မလောက်င၍
ဆင်းရဲ ချို့တဲ့စွာ နေထိုင်စားသောက်ခဲ့ရသည်။
သို့ဖြစ်၍ သူမ (၃) တန်းရောက်လာချိန်တွင် အောက်က မောင်ငယ်၊နှမငယ်များကို
ထိန်းကျောင်းဖို့နှင့်အိမ် အလုပ်များကို ဝိုင်းကူဖို့ အမေဖြစ်သူမှ
ကျောင်းထွက်ခိုင်းခဲ့ခြင်းဖြစ်သည်။ သူမအနေဖြင့် ပညာတတ်ကြီးဖြစ် ချင်၍
အမေဖြစ်သူအား ‘’ မောင်လေး၊ညီမလေးတွေကိုထိန်းပေးမယ်၊
အဝတ်လည်းလျှော်ပေးမယ်။ အိမ်အလုပ် ကိုလည်းဝိုင်းကူလုပ်ပေးမယ်။သမီးကိုတော့
ကျောင်းဖြစ်အောင်ထားပေးပါ’’ ဟု အမေ့ကို တောင်းတောင်းပန်ပန်
ပြန်ပြောခဲ့ရသူတစ်ဦး။ ကျောင်းတက်ချင်၍ အိမ်၏ဝေယျေ၀စ္စလုပ်ငန်းများ အမေ့ကို၀ိုင်းကူလုပ်ပေးဖို့
နံနက် (၄) နာ ရီခွဲအချိန်မှစလို့ အိပ်ရာစောစောထခဲ့ရသည့်ဘဝ။ အိမ်၏
ဝေယျဝေစ္စလုပ်ငန်းများပြီးသည်နှင့် ကျောင်းသွား။ ကျောင်းကပြန်ရောက်လျင်
အမေ့ကိုဝိုင်းကူ။ ငရုတ်သီး ထောင်းနေရင်း စာအုပ်ကိုရှေ့မှာထားကျက်သည်။
စာဖတ်နေရင်း
အောက်ကမောင်လေးငိုလာလျင် စာကျက်သည်ကိုရပ်ပြီး ကလေးကိုသီချင်းဆို၍ ချော့သိပ် ရသည်။
ငရုတ်သီးထောင်းနေရင်းစာကျက်နေတတ်၍ စာအုပ်များ၌ငရုတ်သီးဖတ်များဖြင့်
ညစ်ပေနေတတ် သည်။ ‘’ငါစာတတ်ရမည်၊ငါပညာတတ်ရမည်’’ ဆိုသည့် စိတ်ဓာတ်နှင့် သူမပညာသင်ကြားလာခဲ့ခြင်းဖြစ်သည်။ ထိုခေတ်က
ကျူရှင်ဆိုသည်မှာမရှိသေး။ ကျူရှင်ရှိနေလျင်လည်း သင်ကြားနိုင်မည်မှာ ဝေးစွ။
သည်လိုကြိုးစား လာရင်းနှင့်ဆယ်တန်းသို့ရောက်ရှိလာခဲ့သည်။
ဆယ်တန်း၌ သူမ(၂)နှစ်ဆက်တိုက်ကျရှုံး၍
ကျောင်းတက်ခွင့်မရသဖြင့် သုံးနှစ်မြောက်တွင် လူငယ်ရေးရာည ကျောင်းသို့
တက်ရောက်ခဲ့သည်။ အမေဈေးဝယ်ခိုင်းသည့် ဈေးဖိုးမှ ငါးပြား၊ဆယ်ပြားစုပြီး လူငယ်ရေးရာ
ည ကျောင်းတက်ကြေး ခြောက်ကျပ်ကို ပေးခဲ့သည်။ သုံးလမြောက်တွင် ကျောင်းတက်ကြေး
ခြောက်ကျပ်မပေးနိုင် တော့၍ လူငယ်ရေးရာညကျောင်း၊ တာဝန်ခံကျောင်းအုပ်ကြီးအား
အကျိုးအကြောင်းသွားပြောပြရာ ကျောင်း အုပ်ကြီးမှ ‘’နင်
အင်္ဂလိပ်စာဂုဏ်ထူးပါအောင်ကြိုးစားပေးရမယ်’’ ဟု
ကတိကဝတ်ဖြင့် ကျောင်းဆက်တက်ခွင့် ကို ရရှိခဲ့ရသည်။
သူမ
ဆယ်တန်းစာမေးပွဲကျခဲ့သည့်နှစ်များက အင်္ဂလိပ်စာဘာသာဖြစ်နေရသည်။ အင်္ဂလိပ်စာ
ညံ့သည့် လူ တစ်ယောက်က အင်္ဂလိပ်စာဂုဏ်ထူးထွက်ရှိအောင်ကြိုးစားဖို့ဆိုသည်က
လွယ်ကူသည့်အလုပ်မဟုတ်သော် လည်း ကျောင်းအုပ်ကြီးအား ကတိကဝတ်ပေးခဲ့သည်ကတစ်ကြောင်း၊ ‘’ငါဒီနှစ် ဆယ်တန်း အောင်ကိုအောင်မြင် ရမည်’’ဟု
သံန္နိဌာန်ချပြီး မနားမနေကြိုးစားခဲ့ရာ အင်္ဂလိပ်စာအပြင် သင်္ချာနှင့်ဓာတုဗေဒ
ဘာသာများ၌ ဂုဏ်ထူး ထွက်ပြီး အခြားဘာသာများ၌လည်းအမှတ်ကောင်းခဲ့၍ ထိုနှစ်က
ဆေးတက္ကသိုလ်ဝင်ခွင့် နောက်ဆုံးအမှတ် (၄၅၀ )ကွက်တိဖြင့်
ဆေးကျောင်းတက်ခွင့်ရရှိခဲ့လေသည်။ ဆယ်တန်းအောင်မြင်သောနေ့သည်ကား သူမဘဝတွင် အ
ပျော်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။
သူမ ဆေးကျောင်းဝင်ခွင့်ရပြီ။
သို့သော် မိဘများကဆင်းရဲ၍ ပညာမသင်ကြားပေးနိုင်၊ အဖေဖြစ်သူကလည်း ထိုအချိန်၌
လေဖြတ်ထား၍ အိပ်ရာထဲဘုန်းဘုန်းလဲနေရသည်။ ဆေးတက္ကသိုလ်(၁)၌ ကျောင်းဆက်တက်ဖို့ကိစ္စ၌
ဒေါ်ကျော့သာစိန်ရင်ထဲ ရင်ထဲနာကျင်ခံစားနေခဲ့ရသည်တစ်ခုက သူမတို့မိသားစုမှ နှစ်စဉ်ကြေးထည့်ဝင်ပေးထား
သည့်အဖွဲ့တစ်ခုက သူမဆေးကျောင်းတက်ရောက်နိုင်ဖို့ ထောက်ပံ့ပေးမည့်အစီအစဉ်
အစည်းအဝေးတစ်ခု ခေါ်ယူ ခဲ့၍ သူမတို့မောင်နှမနှစ်ဦးက ထိုအစည်းအဝေးသို့ သွားတက်ရောက်ခဲ့ကြသည်။
ထိုအစည်းအဝေး၌ သူမ မောင် လေးဆောင်းလာသည့် လျှာထိုးဦးထုပ်ကိုချွတ်ခိုင်းပြီး
လူကြီးတစ်ဦးကဦးဆောင်ကာ ‘’
ငါက ဘယ်လောက်ထည့် ပြီ၊ မင်းတို့ကဘယ်လောက်ထည့်ဆိုပြီး’’ သူတောင်းစားကို ပေးသလိုမျိုးရှိခဲ့ဖူးသည်။အမှန်က ကာယကံရှင်ဖြစ် သည့်
သူမ၏ရှေ့၌ ဤသို့မလုပ်ဆောင်သင့်ဘဲ သူတို့အချင်းချင်း နှီးနှောတိုင်ပင်ရမည့်ကိစ္စဖြစ်သော်လည်း
သူတို့၏ စေတနာအမှားက သူတို့မောင်နှမနှစ်ဦး၏ရင်ထဲ မချိအောင်ခံစားခဲ့ကြရပါ၏။
သူများပေးမည့်အကူအညီကို
စောင့်မျှော်မနေခဲ့ကြ၊
ဆေးတက္ကသိုလ်ပထမဆုံးစတက်သည့်နှစ်တွင် သူမတို့ မောင်နှမနှစ်ဦး နံနက်ပိုင်းတွင် ကီလီဈေးသို့သွားရောက်ပြီး အသီးအနှံများကိုသွားဝယ်ကာ
အိမ်ရှေ့တွင် ဗန်းက လေးနှင့်ရောင်းချကြသည်။ အိမ်နောက်ဖေး လယ်ကွင်းပြင်ကြီးရှိနေ၍
ကန်စွန်းရွက်စိုက်ထားပြီး ကန်စွန်းရွက် ပြုတ်ဖြင့် မောင်နှမတစ်စု
ထမင်းစားသောက်ခဲ့ကြရသည်။ ရပ်ကွက်ရှိ မြေပဲယို၊ နှမ်းမြစ် စက်ရုံတွင် သူမတို့ မောင်နှမငါးဦး
ညနေ(၅)နာရီမှ ည(၁၀)နာရီ အထိ အလုပ်ဝင်လုပ်ကြသည်။
ထိုခေတ်ထိုချိန်က
မောင်နှမငါးဦး တစ်နေ့လုပ်အားခ (၃) ကျပ် ရရှိပြီး မိသားစုစားဖို့၊သောက်ဖို့တစ်ကျပ်၊
အဖေ့ဆေးဖိုးတစ်ကျပ်၊ သူမကျောင်းတက်ဖို့တစ်ကျပ် စသည်ဖြင့် ခွဲထားရသည်။ ဆေးတက္ကသိုလ်
ပထမ နှစ်ကို ဆာပလ်ရီ(Supply)ဖြင့်ပြန်ဖြေ၍အောင်မြင်သည်။
ဒေါ်ကျော့သာစိန်ဆေးကျောင်းသူဘဝတလျှောက်လုံးတွင် ည
ဘက်၌အလုပ်လုပ်ပြီးကျောင်းတက်ခဲ့ရ၍ စာဖတ်ချိန်နည်းသဖြင့် နှစ်တိုင်း ဆာပလ်ရီ(Supply)
ဖြင့်ပြန်ဖြေ၍ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယနှစ် MB
စာမေးပွဲဖြေခါနီး ကျောင်းလခငွေ (၈၀)ကျပ်ကို မသွင်းနိုင်ချိန် စိတ်
ဓာတ်ခိုင်မာပြီးရဲရဲဝံ့ဝံ့ပြောဆိုတတ်သူဖြစ်၍ ဆေးတက္ကသိုလ်(၁)၊ပါမောက္ခရုံးခန်းသို့
သွားရောက်ပြီး ‘’ဆရာကြီး ရှင့်
သမီးကျောင်းလခမသွင်းနိုင်ဖြစ်နေရလို့ ငွေ (၈၀) လောက် ခဏချေးပေးပါလား
နွေရာသီမှာ သမီး အလုပ်လုပ် ပြီး ပြန်ဆပ်ပါ့မယ်’’ဟု ပြောပြခဲ့ဖူးရသည်။
ဒေါက်တာကျော့သာစိန်တို့ မောင်နှမတစ်စု နောက်နှစ်အတွက် ကျောင်းဆက်တက်နိုင်ဖို့
နွေရာသီကတည်းက စက်ရုံ၊အလုပ်ရုံများ၌ ဝင်ရောက်လုပ်ကိုင်ပြီး ပိုက်ဆံကို ကြိုတင် ရှာဖွေထားခဲ့ရသည်။
ထိုသို့ဖြင့် သူမမောင်နှမတစ်စု ပညာသင်ကြားခဲ့ကြရခြင်းဖြစ်သည်။
နောက်တစ်နေ့တွင်
ကျော့သာစိန်ဆိုတာဘယ်သူလဲဆိုပြီးလာမေးလေတော့သည်။ ပါမောက္ခရုံးခန်း၌ ပါမောက္ခ
နှင့် ဆေးကျောင်းသူကျော့သာစိန်တို့ ပြောနေခဲ့သည်ကို အခြားဆရာမကြီးတစ်ဦးကကြားသိခဲ့ရ၍ ထိုဆရာမ ကြီးက ဦးဆောင်ပြီး အခြားဆရာမများက တစ်ယောက်(၅)ကျပ်ထောက်ပံ့ပေးခဲ့ကြရာ
ကျောင်းလခငွေ (၈၀) ကျပ်ကို သွင်းနိုင်ခဲ့၍ စာမေးပွဲဖြေဆိုခဲ့ရလေသည်။
ဆေးကျောင်းသူဒုတိယနှစ်
ရပ်ကွက်သမဝါယမဆေးခန်းတွင် ညပိုင်းစာရေးမဝင်လုပ်ခဲ့ရသလို ကျောင်း စရိတ်ရရှိဖို့
သူများအိမ်တွင် အိမ်ဖော်လုပ်ပြီးလည်း ကျောင်းတက်ခဲ့ရဖူးသည်။ ၁၉၈၃ ခုနှစ်တွင်
ဆေးတက္ကသိုလ် (၁)မှ M.B.B.S(YGN)
ဘွဲ့ရရှိခဲ့သည်။ ဆရာဝန်ဖြစ်လာခဲ့ချိန် မရှိဆင်းရဲသားများ
ဆေးမကုနိုင်လို့ မသေရအောင် ငါ ဘယ်လိုလုပ်မလဲဆိုပြီးစဉ်းစားနေခဲ့သူဖြစ်၍
ဒေါ်ကျော့သာစိန် ဆရာဝန်ဖြစ်ကတည်းက လူနာများကို ဆေးကုပြီး ရရှိလာသည့်ပိုက်ဆံဖြင့်
ဘယ်သောအခါမှ ချမ်းသာအောင်ငါမလုပ်ဘူးဆိုသည့် ခံယူချက်ကိုထားရှိသည်။ ထို ခံ
ယူချက်အတိုင်း လျှောက်လှမ်းခဲ့သူ။
၁၉၈၉ ခုနှစ် ၊ ကျန်းမာရေးဝန်ကြီးဌာန၌ စတင်တာဝန်ထမ်းဆောင်သည်။ အလုပ်စဝင်ချိန်၌လည်း အများ
မသွားချင်သည့်နေရာ၊ဆရာဝန်မရှိသည့်နေရာများကို လူကြီးများထံ
ဘော်လန်ဒီယာအဖြစ်တောင်းဆိုပြီး သွား ရောက်ခဲ့သည်။ ၁၉၈၉
ခုနှစ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့တွင် အနာကြီးရောဂါတိုက်ဖျက်ရေး
ခေါင်း ဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့တွင်
မြို့နယ်ကျန်းမာရေးမှူးအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့ချိန်တွင် မရမ်းချောင်ရှိ အနာကြီးလူနာများအားကုသပေးခဲ့သလို ထိုမရမ်းချောင်၌ ပရဟိတ အ နေနှင့် မိခင်နှင့်ကလေးများ၏ကျန်းမာရေးကိုလည်း
ကူညီဆောင်ရွက်ပေးခဲ့သည်။
တနင်္သာရီတိုင်း၊
ထားဝယ်မြို့၊ ကလိန်အောင်တွင် ဆရာဝန်ရှားပါးမှုကြောင့် ဆေးကုသမှုမရရှိဖြစ်နေ၍ လူ နာအများစု သေဆုံးမှုရှိနေသည်ကိုကြားသိနေရသဖြင့်
ကျန်းမာရေးဝန်ကြီးဌာနရှိ လူကြီးများထံသွားရောက်ပြီး ကလိန်အောင်တွင်
တာဝန်ချထားပေးပါရန်တောင်းဆိုပြီး သွားရောက်ခဲ့သည်။ ထိုအချိန်က ကလိန်အောင်ဒေသ
သည် အညိုရောင်နယ်မြေဖြစ်နေရ၍ ရပ်ကွက်ထဲနေလို့မရ၊ အနီးနားရှိ တပ်ထဲတွင်
နေထိုင်ခဲ့ရသည်။ တနင်္သာရီ တိုင်း၊ ထားဝယ်မြို့တွင် ခလရ (၄၀၈) ၊ (၄၀၉) ၊ ( ၄၁၀)
တပ်ရင်းသစ်များ တည်ဆောက်နေဆဲကာလဖြစ်၍ တပ် တွင်းရှိဆေးခန်းနှင့်
ရွာနီးချုပ်စပ်လူနာများကို တစ်လှည့်စီသွားရောက်ကြည့်ရှုကုသပေးခဲ့ရသည်။
အညိုရောင် နယ်မြေဖြစ်သည့် ကလိန်အောင်၌နေထိုင်ခဲ့ချိန် တချို့ကျောင်းဆရာမများက
လာရောက်ပြီး စာမပြဝံ့၍ ကလိန် အောင်၊ အ.မ.က ၌ အချိန်ပိုင်းစေတနာ ကျောင်းဆရာမအဖြစ်နှင့်
ကလေးငယ်များအား စာသင်ပေးခဲ့ဖူးသည်။
ရှမ်းပြည်နယ်၊ကလောမြို့နယ်၊ ကုတင် (၂၀၀) ဆန့် ဆေးရုံတွင်လည်း
တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ပျဉ်းမနားမြို့တွင်
ကျောင်းကျန်းမာရေးဆရာဝန် (၁၇)နှစ် ၊ တောင်ငူမြို့ကျောင်းကျန်းမာရေးဆရာဝန်၊
စစ်တွေ မြို့ကျောင်းကျန်းမာရေးဆရာဝန်အဖြစ်နှင့် ကျောင်းကျန်းမာရေးဆရာဝန်အဖြစ်(၂၅)နှစ်တိတိ
တာဝန်ထမ်းဆောင် ခဲ့ဖူးသည်။ ဒေါက်တာကျော့သာစိန် ပျဉ်းမနားမြို့တွင်
ကျောင်းကျန်းမာရေး ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင် နေချိန်
နေပြည်တော်တည်ဆောက်နေဆဲအချိန်ကာလဖြစ်၍ အလုပ်သမား ငါးသောင်းကျော်ကို
အခမဲ့ဆေးခန်း ဖွင့်လှစ်၍ ဆေးကုသမှုပေးခဲ့သည်။ ထိုသို့လုပ်ဆောင်မှုများကို
ကျန်းမာရေးဝန်ကြီးဌာနရှိ လူကြီးများက မြင်တွေ့ လာရ၍ ထိုင်းနိုင်ငံသို့
အဆင့်မြင့်ကျောင်းကျန်းမာရေးလေ့လာရန် (၃) ကြိမ်တိုင်တိုင် သွားရောက်ခဲ့ရသည်။
၂၀၁၂ ခုနှစ်၊
ရခိုင်ပြည်နယ်၌ လူမျိုးရေးပဠိပက္ခဖြစ်လာခဲ့ချိန် ဒုက္ခသည်စခန်းများပေါ်ပေါက်လာရ၍
ဒုက္ခ သည်စခန်းများရှိ မိခင်နှင့်ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်
တာဝန်ရှိလူကြီးမင်းများထံ ထပ်မံများပြောကြားပြီး စစ်တွေမြို့သို့
မြို့နယ်ဆရာဝန်အဖြစ်နှင့် ရောက်ရှိလာခဲ့သည်။ ၂၀၁၄ ခုနှစ် ၊ (၈) လ ပိုင်း တွင်
စစ်တွေမြို့မှ ပင်စင်ယူပြီး မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ (MRCH)၌ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ Mobile
Cilinic များ၌ Mobile Doctor လုပ်ကိုင်လာရချိန်
မည်သည့်ဌာန၊ မည်သည့်နေရာ၌ လုပ်ကိုင်နေရပါစေ ဒေါက်တာကျော့သာစိန်ရင်ထဲ ပရဟိတစိတ်
ကိန်းအောင်းနေပြီးသားဖြစ်၍ မရှိဆင်းရဲသား
များ၏အိမ်သို့ လူကိုယ်တိုင်သွားရောက်၌ ကုသမှုပေးနေခဲ့သည်။
အားလပ်သည့်အချိန်များတွင်
စစ်တွေမြို့ရှိ မိဘမဲ့ကလေးဂေဟောABC ၊ ဘိုးဘွားရိပ်သာ၊
ဘုန်းတော်ကြီး ကျောင်းများရှိ အခမဲ့ဆေးခန်းများသို့သွားရောက်၍
ဆေးကုသမှုပေးနေခဲ့ပါ၏။ အလိုတော်ပြည့်ဆရာတော်ကြီးမှ ဦးဆောင်ကာ
ရန်ကုန်မြို့မှဆရာဝန်ကြီးများလာရောက်၍ ရခိုင်ပြည်နယ်ရှိ
အာခေါင်ကွဲ၊နှုတ်ခမ်းကွဲ ကလေးငယ် များနှင့် ၊မီးလောင်ဒဏ်ရာရှိသူများကို
ခွဲစိတ်ကုသပေးခဲ့ချိန်များ၌လည်း လူနာမျာအား ရှာပေးခဲ့သူအဖြစ် ရှိနေခဲ့ပြီး
ဆေးကုသမှုများ၌ ဝင်ရောက်ကူညီမှုပေးခဲ့ဖူးသည်။
ကျေးလက်ဒေသအမျိုးသမီးများ
အလုပ်လက်မဲ့မဖြစ်စေဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၌ဝန်ကြီးချုပ် ဖြစ်ခဲ့ ဖူးသူ
ဦးမောင်မောင်အုန်း၏အကူအညီဖြင့် အမျိုးသမီးငယ်များအတွက်
စာချုပ်သင်တန်းများဖွင့်လှစ်ပေးနိုင်ခဲ့ သလို ယောကျာ်လေးများအတွက်လည်း
ဂဟေဆက်သင်တန်းနှင့် လျှပ်စစ်မီးသွယ်တန်းခြင်းသင်တန်းများကို
ဒေါက်တာကျော့သာစိန်ဦးစီး၍ဖွင့်လှစ်ပေးခဲ့သည်။ စစ်တွေမြို့ဘိုးဘွားရိပ်သာ၌
သက်ကြီးရွယ်အိုဘိုးဘွားများ အား (၄)ကြိမ်မြောက်ပူဇော်ကန်တော့ပွဲပြုလုပ်ပေးနိုင်ခဲ့ပြီး
အကြမ်းဖက်ခံခဲ့ရသည့် အမျိုးသမီးများအား မွေးဖွား သည့်အထိ
ကူညီစောင့်ရှောက်မှုပေးနေခဲ့သည်။ ဆင်းရဲသောမိသားစု၏ မိခင်နှင့်က
လေးကျန်းမာရေးကို စောင့် ရှောက်မှုများပေးခဲ့သလို အမွှာပူးမွေးဖွားမည့်
အမျိုးသမီးများ ချောချောမွေ့မွေ့ မွေးဖွားလာနိုင်ဖို့လည်း ကူညီပေး ခဲ့သူဖြစ်သည်။
၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံအမျိုးသမီးများနေ့တွင်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဒေါက်တာကျော့ သာစိန်အား
အမျိုးသမီးစွမ်းဆောင်ရှင်ဆုနှင့် ၂၀၁၇
ခုနှစ်တွင် ရခိုင်လူမျိုးများမှချီးမြှင့်သော ရခိုင်တံခွန်ဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာကျော့သာစိန်အနေဖြင့် မည်သည့်ဂုဏ်ပကာသနမှ မလိုချင်၊ သည်လိုဆုမျိုး လိုချင်၍
လည်း သည်လမ်းကိုလျှေက်လှမ်းခဲ့သူမဟုတ် မရှိဆင်းရဲသားများကို ကယ်တင်နိုင်ဖို့
ပရဟိတလမ်းပေါ်မှာပဲ သူမ ဆက်ရှိနေမည်ဖြစ်သည်။
ဒေါက်တာကျော့သာစိန်အနေဖြင့်
လူမှုရေးလုပ်ငန်းများဖြစ်သည့် စက်ချုပ်သင်တန်း၊ဂဟေဆက်သင်တန်းနှင့်
လျှပ်စစ်မီးသွယ်တန်းခြင်းသင်တန်းများဖွင့်လှစ်သင်ကြားနိုင်ဖို့နှင့်
ဆယ်တန်း(၂)နှစ်ကျ ကျောင်းသူ၊ကျောင်းသား များအနေဖြင့် ပညာဆက်လက်သင်ကြားရန်အတွက်
စေတနာညကျောင်းများဖွင့်လှစ်သင်ကြားပေးနိုင်ရန် ရန် ကုန်မြို့ရှိ
မိမိ၏ခြံ၊စီးနေသောကားများကိုရောင်းချ၍ မိမိ၏ကိုယ်ပိုင်ငွေမှစိုက်ထုတ်၍
လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
အသက်(၆၇)နှစ်ပြည့် အမှတ်တရအဖြစ်
၂၀၂၁ခုနှစ်၊စက်တင်ဘာလ(၁၃) ရက်နေ့မှစ၍ ပြန်လည်အသစ်တည် ဆောက်နေသော မြောက်ဦးမြို့နယ်၊လက္ကာရွာရှိ အိမ်ခြေနှစ်ရာအတွက် ဘုရားဆင်းတုတော် တဆူစီကိုလည်း
လှူ ဒါန်းပေးထားပြီးဖြစ်သည်။
သူမကိုယ်တိုင်က
ဆယ်တန်းနှစ်ခါကျပြီး သုံးနှစ်မြောက်တွင် ကျောင်းတက်ခွင့်မရသဖြင့် လူငယ်ရေးရာည
ကျောင်းသို့တက်ခဲ့ရသည်။ ထိုကျောင်းမှပင် ဆယ်တန်းအောင်မြင်ပြီး ဆရာဝန်ဖြစ်လာခဲ့ရ၍
စစ်တွေမြို့၊အ.ထ.က (၁) တွင် စေတနာညကျောင်းတွင်ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
ညကျောင်းဖွင့်လျင် ‘’ညားကျောင်းသာ ဖြစ်လာပါလိမ့်မည်’’ဆိုပြီး
ပြောဆိုသူများရှိနေသည့်ကြားက ဒေါက်တာကျော့သာစိန်မှ အောင်မြင်စွာဖွင့်လှစ်
သင်ကြားပေးနိုင်ခဲ့သည်။ စေတနာညကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည့် (၅)
နှစ်တာ ကာလအတွင်း စစ် တွေမြို့၊အ.ထ.က (၁) ၊စေတနာညကျောင်းမှ
ဆယ်တန်းနှစ်ခါ ကျောင်းသား ၊ ကျောင်းသူ (၁၃၀) ကျော် အောင်မြင် ခဲ့ကြသည်။
သူမအနေဖြင့်စေတနာညကျောင်းဖွင့်လှစ်ပြီး
ပရဟိတလူမှုရေးလုပ်ငန်းများလုပ်ကိုင်၍ အိမ်ခြေမြံများ ရောင်း
ချလိုက်ရသဖြင့်မည်သည့်အခါမှနှမြောတသဖြစ်နေလိမ့်မည်မဟုတ် စေတနာညကျောင်းမှ
ကျောင်းသား၊ကျောင်း သူ (၁၃၀) ကျော် ဆယ်တန်းအောင်မြင်ခဲ့ရ၍ ပီတိဖြစ်နေရသူ တစ်ဦး။ စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၏ သင်ပြကောင်းမှုကြောင့် စစ်တွေမြို့၊အ.ထ.က
(၁)၊ စေတနာညကျောင်းမှ အောင်ချက်များလာရခြင်းလည်းဖြစ်၍ ဒေါက်တာကျော့သာစိန်ရင်ထဲ၌
အမြဲကျေးဇူးတင်နေမိသည်။ စစ်တွေမြို့၊အ. ထ.က (၁) ၌ စေတနာ ညကျောင်း
ဖွင့်ခွင့်ပေးခဲ့သည့် ထိုချိန်က တာဝန်ရှိသူများကိုလည်း သူမအနေဖြင့် အမြဲလေးစားသမှု
ရှိနေရပါ၏။
ဒေါက်တာကျော့သာစိန်သည်
ဂီတကိုအရူးအမှူးဝါသနာပါ၍ ငယ်စဉ်ကတည်းက အဆိုတော်ဆရာဝန် ဖြစ်ချင် ခဲ့သူဖြစ်သည်။
မူလတန်း၌ အဆိုပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသည်။ အဆိုတော်မာမာအေး၏တပည့်ရင်းဖြစ်ပြီး
မာမာအေး၏ အဆိုသင်တန်းအပတ်စဉ်(၂) သင်တန်းဆင်းတစ်ဦးလည်းဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ၌
သူမအား အဆိုတော်ဟုသာခေါ်ဆိုသည်။ ဝါသနာဖျာကာမရစကားအတိုင်း အထက်တန်းကျောင်းသူဘဝ၌ စတိတ်ရှိုးဆိုခဲ့
ဖူးသည်။ ဆေးကျောင်းသူဘဝ၌ ဆရာဝန်သိန်းမြင့်သန်းထူထောင်ထားသော
စန္ဒရားသိန်းမြင့်သန်းတီးဝိုင်းဖြင့် အင်းလျားလိပ်ဟိုတယ်မင်္ဂလာဆောင်ပွဲများ၌
သီချင်းလိုက်ဆိုခဲ့ဖူးသည်။ သူမတို့၏ ဆေးကျောင်းသူငယ်ချင်းများ တွေ့ဆုံပွဲ Dinner
၌ ဒေါက်တာကျော့သာစိန်၏သီချင်းသံများအား သူငယ်ချင်းများမှ
လက်ခုပ်သံမစဲ အားပေးကြသည်ကို သူမ၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ တွေ့မြင်နေခဲ့ရသည်။
စစ်တွေမြို့၊မြို့မကျောင်းဘုန်းတော် ကြီးပျံဈာပနာပွဲတွင်လည်း ဧယင်းကျူးခဲ့ဖူးသည်။
ဒေါက်တာကျော့သာစိန်ကို
ရခိုင်မိဘနှစ်ပါးကမွေးဖွားလာသူဖြစ်၍ မျိုးချစ်စိတ်အပြည့်အဝရှိနေသည်။ အိမ်
ထောင်ပြုချိန် ရခိုင်လူမျိုးကိုသာလက်ထပ်မည်ဟု ဆုံးဖြတ်ထားခဲ့သဖြင့်
အချစ်ရေး၌ကံမကောင်း၍ အပျိုကြီး ဖြစ်နေခဲ့ရခြင်းလား ရခိုင်လူမျိုးက
ဒေါက်တာကိုထားခဲ့ခြင်းလား၊ ပရဟိတလုပ်ငန်းများနှင့် အချိန်ကုန်နေခဲ့ရသ လို
အချစ်ကိုမကိုးကွယ်ခဲ့ခြင်းကြောင့် အပျိုကြီးဖြစ်နေခဲ့ရခြင်းလားဆိုသည်ကိုကား
ဒေါက်တာကျော့သာစိန်မှ လွဲ လို့ မည်သူကမှ သိရှိနိုင်မည်မဟုတ်ပါလေ----
နိဂုံးချုပ်ရပါလျင်
“အမျိုးအနွယ်ကို ကောင်းစွာစောင့်ရှောက်တတ်သော အမျိုးကောင်းသားတို့သည်
မိမိကိုယ် တိုင်ဆင်းရဲနှင့် ကြုံရသော်လည်း အမှုယုတ်တို့ကို မပြုတတ်” ဆိုသည့် လောကနီတိ အဆိုအမိန့်ကို အလေးအနက် ထားပြီး အတ္တစိတ်ကင်းစွာနှင့် တိုင်းပြည်ကောင်းကျိုး၊
ဒေသကောင်းကျိုး၊ အများပြည်သူ ကောင်းကျိုးအတွက် လုပ်ဆောင်နေသူ ‘’မသာထရီဇာ နလုံးသားရှိသူ’’ ဒေါက်တာကျော့သာစိန်၏
လုပ်ရပ်များကို အတုယူပြီး အခြား သူများကလည်း ဘ၀သမိုင်းစာမျက်နှာထဲ၌
ရှင်သန်သူများဖြစ်အောင် မွန်မြတ်သောစိတ်ဓာတ် ၊ လုပ်ရပ်ကောင်း များနှင့်အတူ ရှင်သန်နိုင်ကြပါစေဟု
အကြံပြုတိုက်တွန်းရင်း---
အောင်ကြည်မိုး(သင်းပုန်းတန်း)