မောင်မေယု (ဘူးသီးတောင်)
လူမျိုးတိုင်း၏ အတိတ်သမိုင်းသည် တူညီကြလိမ့်မည် မဟုတ်ပေ။ ရှည်လျားခဲ့သော အတိတ်သမိုင်းရှိကြသလို တိုတောင်းလှသော သမိုင်းလည်း ရှိကြပေလိမ့်မည်။ ကျွန်ုပ်တို့ ရခိုင်လူမျိုးတို့၏ သမိုင်းဆိုလျှင် ထုထည် ကြီးမားပြီး ရှည်လျားလှပေသည်။ နှစ်ပေါင်း ငါးထောင်ကျော် ရှည်လျားခဲ့သော သမိုင်းဖြစ်စဉ်ကြီး
တစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ကြသည်။ ဤမျှလောက်
ကြီးကျယ်ခမ်းနားသော သမိုင်းဖြစ်စဉ်ကို မျိုးဆက်သစ်များ သိရှိရန်နှင့်
ရင်ထဲတွင် ကိန်းအောင်းရန် နည်းလမ်းမျိုးစုံဖြင့် လက်ဆင့်ကမ်းပေးရမည်မှာ
ကျွန်ုပ်တို့အားလုံး၏ ကြီးမားသော တာဝန်တစ်ခုပင်ဖြစ်သည်။
ကျွန်ုပ်တို့၏
မျိုးဆက်သစ်ကျောင်းနေအရွယ် လူငယ်အများစုသည် မိမိတို့၏ သမိုင်းထက်
လူမျိုးခြားသမိုင်းကို ပို၍သိကြသည်ကို တွေ့ရှိရသည်။ ဤသည်မှာ
မြန်မာ့ကျောင်းသုံးစာအုပ်၏ ပြဌာန်းချက်များကြောင့်ဖြစ်သည်။
ကျောင်းသုံးပြဌာန်းစာအုပ်၌ ကြီးကျယ်ခမ်းနားခဲ့သော ကျွန်ုပ်တို့
ရခိုင်လူမျိုး၏ သမိုင်းကား တစ်စွန်းတစ်စတောင် မတွေ့ရှိရပေ။ ထို့ကြောင့်
မိမိတို့၏ ယဥ်ကျေးမှုသမိုင်း စာပေများနှင့် ကျောင်းသား လူငယ်များ
ဝေးကွာလာကြသည်ဟု ဆိုချင်သည်။ နောက်တစ်ချက်မှာ ကျောင်းသားလူငယ်အများစုသည်
အတန်းစာထက်လွဲလျှင် ပြင်ပဗဟုသုတ စာအုပ်စာပေများကို မဖတ်ရှုကြပေ။ တချို့က
ပြင်ပဗဟုသုတများကို ရှာဖွေဖတ်ချင်ကြသော်လည်း အတ္တဆန်သည့် မိဘများ၏
ပိတ်ပင် တားဆီးမှုကြောင့်မဖတ်ကြရပေ။ နောက်အချက်လည်း များစွာရှိပါအုံးမည်။
ထိုသို့ အကျိုးဆက်များကြောင့် ကျွန်ုပ်တို့ လူမျိုး၌ သမိုင်း သုတေသီများ၊
သမိုင်းပညာရှင်များ ရှားပါးလာရသည်။ နုစဉ်အခါကပင် မိမိတို့၏
လူမျိုးသမိုင်းကို ကြားဖူးနားဝ၍ စိတ်ဝင်စားခဲ့မည်ဆိုလျှင် အနာဂတ်မှာ
လူမျိုးအတွက် အားထားရသော သမိုင်းပညာရှင်များ ဖြစ်လာနိုင်ပေသည်။
ယခုအခါ
တွင် မျိုးခြားသမိုင်းဆရာအချို့သည် ကျွန်ုပ်တို့၏ သမိုင်းကို
ဖျက်လိုဖျက်စီးလုပ်ရန် ကြိုးစားနေကြသည်ကို တွေ့လာရသည်။ လုပ်လည်း
လုပ်နေကြပါပြီ။ ဦးဆက်ထွန်းလင်း(အာယုဗ္ဗေဒ) သည် သူရဇ္ဇမဂ္ဂဇင်းမှတဆင့်
ရခိုင်သမိုင်းကို ရစရာမရှိအောင် ဖျက်ဆီး၍ ရေးခဲ့ဖူးသည်။ သူ့၏ရေးသားချက်ကို
ရခိုင်သမိုင်းသုတေသီ မင်းပြား မင်းသိန်းဇံက “အမျိုးကိုထိလျှင် နာတတ်ပါသည်”
စာအုပ်ဖြင့် ချပြခဲ့ရသည်။ နောက်လည်း ဖျက်လိုဖျက်ဆီးလုပ်ခြင်းများ
များစွာရှိသေးသည်။ သို့ဖြစ်၍ ရခိုင်မြန်မာ ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်းက
မိမိတို့သမိုင်းကို မိမိတို့က သေသေချာချာ မသိရှိပါက လူ့ကြေးစည်များဖြစ်မည်မှာ ဧကန်မလွဲပင်ဖြစ်ကြောင်း သတိပေးခဲ့သည်။
ကြေးစည်သည်
တီးခတ်သည့်ဘက်ကို လည်ရသကဲ့သို့ ကျွန်ုပ်တို့သည်လည်း မိမိတို့သမိုင်းကို
အသေချာမသိရှိပါက ထိုလူပြောသည်ကို ယုံရသလိုလို၊ ဒီလူရေးသည်ကို
ယုံရသလိုလိုနှင့် ကြေးစည်ကဲ့သို့ လည်နေမည်မှာ အသေအချာပင်ဖြစ်သည်။
ထို့ကြောင့် မျိုးဆက်သစ် ကျောင်းသားလူငယ်တို့အား လူ့ကြေးစည် မဖြစ်စေရန်
ငယ်စဥ်အခါကပင် မိမိတို့၏ သမိုင်းယဥ်ကျေးမှုနှင့် ရင်းနှီးကျွမ်းဝင်အောင်
ပြုလုပ်ပေးရမည်မှာ အားလုံး၏ တာဝန်တစ်ခုပင်ဖြစ်လာသည်။
တစ်နေ့ အလယ်တန်းပြ ဆရာတစ်ယောက်နှင့် ကော်ဖီဆိုင်တွင် ဆုံဖြစ်သည်။ သူနှင့်အတူ ရခိုင်လူမျိုးတို့၏သမိုင်းကို လူတချို့မှ ရွယ်ရည်ချက်ရှိရှိဖြင့် တိုက်ခိုက်ဖျက်စီးနေသည်များနှင့် ရခိုင်လူငယ်များ မိမိတို့၏ယဥ်ကျေးမှု သမိုင်းအစဉ်အလာကို စိတ်ဝင်စားမှု နည်းလာခြင်းကိုဆွေးနွေးဖြစ်ကြသည်။ ဆွေးနွေးချက်များထဲတွင် စာကြည့်တိုက်အများစု သော့ခလောက်သီးနှင့် ညားနေခြင်းပါသည်။
တချို့ကျောင်းများ၌ စာအုပ်တစ်အုပ်မျှ မရှိဘဲ ကျောင်းစာကြည့်တိုက်ဟု စာတန်းကပ်ထားသော အခန်းလွတ်များ
ရှိနေသည်။ စာပေဟောပြောပွဲနှင့် အမျိုးသားရေး အခမ်းအနားများ၌ လူငယ်များ တက်ရောက်မှု အားနည်းကြသည်။ စာအုပ်ဆိုင်နှင့် စာကြည့်တိုက်များ သိသိသာသာပျောက်ဆုံးလာပြီး အရက်ဆိုင်နှင့် မူယစ်ဆေးဝါးများပါ
များလာခြင်းသည် မြို့၏ အနာဂတ်ကို ရိုက်ချိုးခံရခြင်းပင် ဖြစ်သည်။
ရခိုင်ဟူသော အမည်သည် ရက္ခိတမှ ဆင်းသက်လာခြင်းဖြစ်သည်။ အမျိုးနှင့်သီလကိုစောင့်ရှောက်သည် ဟူသော အဓိပ္ပါယ်ရသည်ကို ယခုအချိန်ထိတိတိကျကျ မသိသေးသောလူငယ်များအား ပတ်ဝန်းကျင်၌ မြင်တွေ့နေရသည်။
ကျောင်းသားလူငယ်အများစုသည် အတန်းစာကို အချိန်မအားလပ်အောင်ထိ
ကြိုးစားအားထုတ်၍ မှတ်ကျက်တတ်ကြသည်။ ထိုအတန်းစာ၌ မိမိတို့လူမျိုး၏
သမိုင်းကြောင်းကို မသင်ရသောအခါ လူမျိုးနှင့် ပတ်သတ်သော
ဗဟုသုတနည်းပါးလာကြကြောင်း ဆွေးနွေးဖြစ်ကြသည်။ ထို့ကြောင့်
ကျောင်းသားလူငယ်များ ပြင်ပစာပေဗဟုသုတ ဖတ်ရှုအား မြင့်မားမလာခြင်းနှင့်
ရခိုင်သမိုင်းယဥ်ကျေးမှုများနှင့် ရင်းနှီးကျွမ်းဝင်မှု
နည်းပါးလာခြင်းသည် မျိုးဆက်သစ်တို့၏ ပြဿနာတစ်ခုဖြစ်လာသည်။ ထိုပြဿနာအတွက်
အဖြေတစ်ခုကို ထပ်၍ ဆွေးနွေးဖြစ်ခဲ့ကြသည်။
ကျွန်ုပ်သည် ၂၀၁၄ ခုနှစ်တွင် လှည်းကူးပညာရေးကောလိပ်၌ မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(1/14)
ကို တက်ရောက်ခဲ့သည်။ ထိုသင်တန်းမှ ဆရာ၊ ဆရာမများသည် အမြော်အမြင်ကြီးပြီး
လေးစားစရာကောင်းပါသည်။ ကျွန်ုပ်တို့အား စာစဥ်များပြုစုရေးသားခိုင်းသောအခါ ဗမာ့သမိုင်းတွင် ထင်ရှာသော ပုဂ္ဂိုလ်များအကြောင်း၊ မြန်မာ့ယဥ်ကျေးမှုအနုပညာနှင့် ဆက်စပ်သော အကြောင်းများကို ရေးသားစေခဲ့သည်။ ဥပမာ - မြဝတီမင်းကြီးဦးစ၊ နတ်သျှင်နောင်၊ မြန်မာ့ယဥ်ကျေးမှုနယ်မြေများ စသည့်ခေါင်းစဉ်များကို ရေးခိုင်းကြသည်။ ထိုစာစဥ်တစ်ခုဖြစ်လာရန် ကျွန်ုပ်တို့သည် စာအုပ်များစွာကို ရှာဖွေဖတ်ရှုရသည်။
ထိုနည်းသည် ကျွန်ုပ်တို့အား စာဖတ်အားကိုမြင့်မားစေပြီး ကျွန်ုပ်တို့ မသိရှိသေးသော သမိုင်းကြောင်းများနှင့် ရင်းနှီးကျွမ်းဝင်အောင် သွယ်ဝိုက်သောနည်းဖြင့် မိတ်ဆက်ပေးလိုက်ခြင်းပင်ဖြစ်သည်။
ထိုအကြောင်းများနှင့် ပတ်သတ်သော စာအုပ်များကို စာကြည့်တိုက်များ၌
ရှာဖွေရသောကြောင့် ကျောင်းစာကြည့်တိုက်လည်း အလုပ်ဖြစ်လာသည်။
ကျောင်းစာကြည့်တိုက်၌ မရှိလျှင် အပြင်က ဝယ်ဖတ်ကြရသည်။ ရေးပြီးသောစာစဥ်ကို
သက်ဆိုင်ရာ ဆရာ၊ ဆရာမများဆီသို့ အပ်ရသောအခါ ကိုးကားဖတ်ရှုထားသော
စာအုပ်များကိုပါ အပ်ရလေသည်။ ထိုစာအုပ်များကို ကျောင်းစာကြည့်တိုက်အတွက်
အလှူခံသောကြောင့် စာကြည့်တိုက်၌ စာအုပ်များလည်း စုံလာသည်။ တစ်ချက်ခုတ်
သုံးချက်လေးချက်ပြတ်သော နည်းလမ်းပင်ဖြစ်လေသည်။ ထိုနည်းလမ်းကို
ကျွန်ုပ်တို့၏ အခြေခံပညာစာသင်ကျောင်းများတွင် သုံးမည်ဆိုပါလျှင်
လွန်စွာအကျိုးရှိနိုင်ပေသည်။
ကျောင်းသားလူငယ်များအား စာစဥ်ရေးခိုင်းခြင်းမျိုး မဟုတ်ဘဲ စာစီစာကုံးရေးခိုင်းရမည်ဖြစ်သည်။
စာစီစာကုံးရေးခိုင်းသောအခါ မိမိတို့၏ လူမျိုးနှင့်ပတ်သတ်သော ရိုးရာဓလေ့
ယဉ်ကျေးမှုများ၊ သမိုင်းဝင်နေ့ရက်များနှင့် ထင်ရှားသော
ပုဂ္ဂိုလ်များအကြောင်းကို ရေးခိုင်းရမည်။ အတန်းစာလည်း မပျက်ရန် အမြဲတမ်းရေးခိုင်းခြင်းမျိုးမဟုတ်ဘဲ တစ်လတစ်ကြိမ်၊ တစ်ပတ်တစ်ကြိမ် ပုံမှန်ရေးခိုင်းရမည်။ ဥပမာ ဆရာတော် ဦးဥတ္တမ အကြောင်းအားရေးခိုင်းမည် ဆိုပါစို့။ ထိုအခါ ကျောင်းသားလူငယ်များသည် ရေးခိုင်းသော
အကြောင်းအရာများကို ရှာဖွေကြရမည်။ လေ့လာကြရမည်။ ထို့ကြောင့်
စူးစမ်းရှာဖွေလိုစိတ်များ ရှိလာမည်။ စာဖတ်အားလည်း မြင့်မားလာပြီး
ပြင်ပဗဟုသုတများလည်း တိုးပွားလာမည်။ လိုအပ်သော စာအုပ်များကို
စာအုပ်ဆိုင်များနှင့် စာကြည့်တိုက်များမှ သွားရှာကြမည်။ ထိုအခါ
မှိုတက်နေသော ကျောင်းစာကြည့်တိုက်များနှင့် မြို့နယ်ရှိ
စာကြည့်တိုက်များလည်း အသက်ဝင်လာနိုင်သည်။
ထိုသို့ပြုလုပ်ပေးခြင်းကြောင့်
ကျွန်ုပ်တို့၏ မျိုးဆက်သစ်လူငယ်များသည် အတန်းစာသင်ရင်း မိမိတို့၏
ယဥ်ကျေးမှုသမိုင်းနှင့် ရင်နှီးမှု ရှိလာမည်။ စာဖတ်အားလည်း မြင့်မားလာမည်ဟု
ယုံကြည်မိပါသည်။ စာစီစာကုံးရေးခိုင်းခြင်း တစ်ခုတည်းသာ မဟုတ်ဘဲ ဆရာများမှ
အမျိုးသားရေးပွဲများကို သွားရောက်ရန် တွန်းအားပေးခြင်း၊
စာပေဟောပြောပွဲများကို သွားရောက်နားထောင်ရန် တွန်းအားပေးခြင်း ၊
ကျောင်းအလိုက် ရခိုင်သမိုင်းသုတ မေး၊ ဖြေ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊
ရခိုင်သမိုင်းဆိုင်ရာဟောပြောပြိုင်ပွဲ ကျင်းပခြင်း၊ ရခိုင်သမိုင်းဆိုင်ရာ ကျပန်းစကားပြော ပြိုင်ပွဲများ ပြုလုပ်ပေးနိုင်လျှင်
လူငယ်များသည် မိမိတို့၏ ရိုးရာယဥ်ကျေးမှု သမိုင်းစဉ်လာများနှင့်
ရင်နှီးကျွမ်းဝင်မှု ရှိလာမည်။ ထိုမှ တစ်ဆင့်ပြီး တစ်ဆင့်တက်၍ အနာဂတ်အတွက်
အားထားရသော ရခိုင်သမိုင်းပညာရှင်များပေါ်ပေါက်မလာနိုင်ဟု မည်သူမျှ မပြောနိုင်ချေ။
ထို့ကြောင့်
မျိုးဆက်သစ်လူငယ်တို့ လူ့ကြေးစည် မဖြစ်စေရန် ဆရာ၊ ဆရာမတို့၏
အခန်းကဏ္ဍသည်လည်း အရေးကြီးပေသည်။ အမျိုးသားရေး အတွက် အခွင့်အရေးကို
အသုံးချတတ်သော ဆရာ၊ ဆရာမများ များစွာလိုအပ်ပေသည်။ မိမိတို့၏
ကြီးကျယ်ခမ်းနားခဲ့သော သမိုင်းကြောင်းအား အတန်းစာ၌ မသင်ရသော်လည်း
အထက်ပါနည်းလမ်းများဖြင့် သင်ယူခြင်းဖြင့် လွန်စွာအကျိုးရှိနိုင်သည်။
ဤနည်းလမ်းများသည် ကျွန်ုပ်သိသော နည်းလမ်းများသာဖြစ်ပြီး
တစ်ခြားနည်းလမ်းများလည်း များစွာရှိပါအုံးမည်။ ကျွန်ုပ်တို့၏
မျိုးဆက်သစ် လူငယ်များအား လူ့ကြေးစည် မဖြစ်စေချင်လျှင်
လူကြီးမိဘဆရာသမားများမှ မိမိတို့၏ ယဥ်ကျေးမှုသမိုင်းကြောင်းကို
တတ်နိုင်သလောက် လက်ဆင့်ကမ်းရန်လိုအပ်ပါမည်။ မည်သည့်အရာကိုမဆို
ပျောက်သွားလျှင် ပြန်ရှာ၍ တွေ့နိုင်ပါသည်။
ဖျောက်ထားခံရလျှင်တော့ ပြန်ရှာ၍
မတွေ့နိုင်တော့ပါ။ သို့ဖြစ်၍ နောင်တစ်ချိန်တွင် ကျွန်ုပ်တို့၏
တန်ဖိုးရှိသော သမိုင်းများကို ဖျောက်ခြင်း၊ ဖျက်ခြင်းများမှ ကင်းဝေးစေရန်
လူ့ကြေးစည်မဟုတ်သော မျိုးဆက်သစ် သမိုင်းပညာရှင်များ၊ သမိုင်းကို
စိတ်ဝင်စားသူများ များစွာလိုအပ်ပေသည်။