- Web Master
- ၁၈ အောက်တိုဘာ ၂၀၂၄
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့အား ဗဟိုပြုတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်မုန်တိုင်းကြောင့် ရခိုင်ပြည်သူများအနေဖြင့် အပျက်အစီး များခဲ့ကြရသည်။
မိုခါ၏ နောက်ဆက်တွဲ
ဆိုးကျိူးများကို ရခိုင်ရှိ မြို့နယ်အများအပြားမှ ဒေသခံများအားလုံး
ကြုံနေကြရပြီး ယင်းအထဲတွင် တစ်နိုင်တပိုင်ရေလုပ်ငန်း လုပ်ကိုင်သူများလည်း
ပါဝင်နေသည်။
မိုခါ မုန်တိုင်း
အဓိက ဖြတ်ကျော်ခဲ့သည့်
စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင် မောင်တောခရိုင်တို့ရှိ ရေလုပ်သားများမှာ
အလုပ်လက်မဲ့ ဖြစ်သွားကြပြီး တခြားသူများထံတွင် အငှားလုပ်ရသည့်ဘဝသို့
ရောက်ရှိသွားကြရသည်။
ထိုသို့လုပ်ကိုင်နေရသူများထဲတွင်
ရေလုပ်ငန်းကို တစ်ရွာလုံး လုပ်ကိုင်သည့် ပေါက်တောမြို့နယ်ရှိ သဲခုံရွာသားများလည်း
အပါအဝင်ဖြစ်သည်။
မိုခါကြောင့်
ရေလုပ်ငန်းသုံးပစ္စည်းများ ဆုံးရှုံးကာ အခက်အခဲများကို တစ်ရွာလုံးနီးပါး
ရင်ဆိုင်နေကြရသည်။
''စက်လှေတွေ၊ ပိုက်တွေ
အကုန်ပါသွားတယ်။ စီးပွားရေးက ဒါပဲ ရှိတာကိုး။ အဲဒါက မုန်တိုင်းနဲ့
ပါသွားတယ်''ဟု
သဲခုံကျေးရွာမှ ဦးစိန်လှက ဆိုသည်။
အသက်(၄၂) နှစ်ရှိပြီဖြစ်သည့်
ဦးစိန်လှမှာ ယခင်က စက်လှေတစ်စီး၊ စက်တစ်လုံး၊ ငါးဖမ်းပိုက်
နှစ်လက်ဖြင့် မိသားစု စားဝတ်နေရေးအား ဖြေရှင်းနိုင်ခဲ့သည်။
သို့သော်လည်း
ယင်းပစ္စည်းအားလုံးအပြင် နေအိမ်ကိုပါ ဆုံးရှုံးခဲ့ရသည့်အတွက် ပြန်လည်
ရပ်တည်နိုင်ရန် အခက်အခဲများရှိနေခြင်းဖြစ်သည်။
''မိသားစုဝင်တွေ အကုန်လုံးရော၊
ကျနော်ရော မုန်တိုင်းမလာခင်ကနေ တခြားနေရာကို ပြောင်းနေတာ။ စက်လှေတွေကိုတော့
ရွာမှာပဲ သေချာထားခဲ့ပါတယ်။ ဒါပေမဲ့ စက်လှေတို့၊ ပိုက်တို့ကလည်း
အကုန်ပျောက်သွားတယ်။ ရှာမရတော့ဘူး။ အိမ်ကလည်း အကုန်ပျက်သွားတယ်''
ဟု သူက ပြောပြသည်။
ဦးစိန်လှပိုင်သည့်ပစ္စည်းများ
အားလုံးဆုံးရှုံးခဲ့ရသည့်အတွက် လက်ရှိတွင် အငှားသမားအဖြစ် လုပ်နေရခြင်းဖြစ်သည်။
''တစ်ခုမှ လုပ်စားစရာမရှိတော့
အခု သူများတွေဆီမှာ အငှားလိုက်ရတာပေါ့။ ပိုက်ရှိတဲ့ လူတွေဆီမှာ
အငှားသမားဖြစ်သွားတယ်''ဟု
ဦးစိန်လှက ဆက်လက် ဖွင့်ဟသည်။
ဦးစိန်လှတွင် မိသားစုဝင်(
၅)ဦးရှိပြီး သူများထံမှ ရသည့် တရက်ငွေတစ်သောင်းဖြင့် မိသားစုစားဝတ်နေရေးဖြေရှင်းရန်
အခက်အခဲရှိနေသည်ဟုလည်း ဆိုသည်။
''အရင်က
ကိုယ့်လုပ်ငန်းနဲ့ကိုယ် လုပ်ကိုင်စားသောက်နေခဲ့တာဆိုတော့ ကိုယ့်သဘောကျပဲ။
ဒါပေမဲ့ လူများဆီမှာ လုပ်ရတော့ အပြောအဆို ခံရတာတွေ ရှိတယ်။ မလုပ်ချင်ဘူးပေါ့''
ဟု ဦးစိန်လှက ဆိုသည်။
သဲခုံကျေးရွာတွင် ဦးစိန်လှကဲ့သို့
တစ်နိုင်တပိုင်လုပ်ငန်းမှ အငှားသမားဘဝသို့ ရောက်ရှိသွားသည့်
ဒေသခံ ၂၀ ကျော်အထိ ရှိနေသည်ဟု သိရသည်။
ရေလုပ်သားအများအပြားမှာ တစ်နိုင်တပိုင်
လုပ်စားနေသည့် ငါးဖမ်းပိုက်၊ စက်လှေများ ပျောက်ဆုံးသွားသည့်အတွက်
အငှားသမားများအဖြစ် လုပ်နေကြရခြင်းဖြစ်သည်။
ဦးစိန်လှကဲ့သို့ မိမိစီးပွားရေးအား
လက်လွှတ်လိုက်ရပြီး အငှားသမားဘဝသို့ ရောက်ရသူများထဲတွင် ပေါက်တောမြို့နယ်၊
သက္ကေပြင်မွတ်ဆလင်ဒုက္ခသည်စခန်းမှ ဦးကျော်ဝင်းလည်း ပါဝင်သည်။
''ကျနော့်မှာ အစက
သူများဆီက မျှောပိုက်ငှားထားတာ။ စက်လှေက ရှိတယ်။ မိုခါ နဲ့ ငှားထားတဲ့ ပိုက်တွေရော၊
စက်လှေပါ မျောပါသွားတယ်။ အခုက ဘာမှ မရှိတော့ဘူး'' ဟု ဆိုသည်။
ယင်းအတွက်
ဦးကျော်ဝင်းမှာလည်း တခြားလူများထံတွင် အငှားအလုပ်လုပ်နေရသည်ဟု ဆိုသည်။
''ပြန်ရင်းနှီးဖို့အတွက်
ငွေလည်း လက်ထဲမှာ တစ်ပြားမှ မရှိဘူး။ ဒါကြောင့် သူများတွေဆီမှာပဲ လုပ်နေရတာ''
ဟုဆိုသည်။
မိသားစုကိုရှာဖွေကျွေးမွေးနေရသည့်
တစ်နိုင်တပိုင်ရေလုပ်ငန်းကို ပြန်လည်ထူထောင်ရန် အရင်းအနှီးမရှိ၍
ကိုယ့်ပိုင်လုပ်ငန်းပိုင်ရှင်ဘဝမှ အငှားသမားများဘဝသို့ ရောက်ရှိသွားရသည်ဟု
ဖွင့်ဟကြသည်။
ယင်းအပြင်
အငှားလုပ်သည့်အခါတွင် ရက်ကျလုပ်ရခြင်းဖြစ်ရာ နေ့တိုင်း အလုပ်မဖြစ်သည့်အတွက်
ယခင်ကထက် ပိုမိုခက်ခဲကြောင်း ဆိုသည်။
''နေ့တိုင်း
အလုပ်လုပ်ရတာ မဟုတ်ဘူးလေ။ အလုပ်ကျတဲ့ရက်မှ အလုပ်လုပ်ရတော့ အဆင်မပြေပါဘူး''ဟု ဦးကျော်ဝင်းက
ပြောပြသည်။
ရခိုင်ရှိ
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)အပါအဝင်
စစ်ကောင်စီနှင့် အခြား CSO အဖွဲ့များက
မုန်တိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့မှုများပြုလုပ်ရာတွင်လည်း
အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားများသာဖြစ်၍ ရေလုပ်ငန်းအတွက် အရင်းအနှီး အကူအညီများ မပါဝင်၍ ရေလုပ်ငန်းကို ပြန်လည် လုပ်ကိုင်ရန်
အခက်အခဲများ
ရှိနေကြရခြင်းဖြစ်သည်။
''ငွေကြေးမလိုက်နိုင်တော့ လုပ်ငန်းပြန်လည်ရပ်တည်ဖို့
အခက်အခဲရှိတယ်။ အစိုးရက နည်းနည်းတော့ ကြည့်ပေးသင့်တယ်''ဟု အမည်မဖော်လိုသည့် စစ်တွေမြို့မှ ငါးဖမ်းလုပ်ငန်းပိုင်ရှင်တစ်ဦးက
ဆိုသည်။
ယင်းအတွက်
အစိုးရအနေဖြင့် တစ်နိုင်တပိုင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအတွက် ချေးငွေများ
ထုတ်ချေးပေးစေလိုကြောင်း ဦးစိန်လှက ဆိုသည်။
ရခိုင်မှာ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့၍
ပျက်စီးဆုံးရှုံးသွားသည့် မွေးမြူရေးလုပ်ငန်းများ ပြန်လည် နာလန်ထူနိုင်ရန်အတွက် ရခိုင်မှမွေးမြူရေးလုပ်ငန်းရှင်များအနက်
ကြက်၊ ဘဲ၊ ဝက်မွေးမြူရေး
လုပ်ငန်းရှင်တစ်ဦးစီကို
ချေးငွေ ကျပ်သိန်း ၁၅၀ ခန့်အား စစ်ကောင်စီက ထုတ်ချေးပေးရန်
ပြင်ဆင်လျက်ရှိသည်။
သို့ရာတွင်
ဦးစိန်လှတို့လို မုန်တိုင်းကြောင့် ဘေးဒုက္ခရောက်ခဲ့ရသည့် တစ်နိုင်တပိုင် ရေလုပ်သားများအတွက်မူ စစ်ကောင်စီက
မည်သည့်ကူညီထောက်ပံ့မှုများကိုမှ
လုပ်ဆောင်ပေးခြင်းမရှိဟု ရေလုပ်သားများက ပြောကြသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်
စစ်ကောင်စီ၏ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တစ်နိုင်တပိုင် ရေလုပ်သားများအား
မည်သို့ လုပ်ဆောင်ပေးနေသည်ကို ငါးလုပ်ငန်းဦးစီး ဦးအောင်တင်စောအား
မေးမြန်းခဲ့သော်လည်း မအားသေးဟု ဆိုသည်။
''ကျနော်
ဝန်ကြီးခရီးစဉ်မှာ ရောက်နေတယ်။ အခုမအားသေးဘူး '' ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင်
ကမ်းနီးငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ငါးဖမ်းလှေပေါင်း ၂၁၀၀၀ ကျော်ရှိသည်ဟု
ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏စာရင်းအရ သိရသည်။
ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်၍
ငါးဖမ်းလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်တတ်ကြသလို
ဦးစိန်လှတို့လို တစ်နိုင်တပိုင်လည်း လုပ်ကိုင်ကြသူများလည်း ရှိကြသည်။
သို့ရာတွင်
မုန်တိုင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားခဲ့ကြသည့် တစ်နိုင်တပိုင်ရေလုပ်သားများမှာ သူတို့၏ဘဝရှေ့ရေးအတွက် ရတက်မအေးဖြစ်နေကြရသည်။
မိုခါမုန်တိုင်းကြောင့် ဘ၀အဆင်မပြေဖြစ်သွားခဲ့ကြရသော တစ်ဝမ်းတစ်ခါးအတွက် ရုန်းကန်လှုပ်ရှားနေကြရသည့် ရခိုင်ပြည်နယ်အနှံ့က တစ်နိုင်တပိုင်ရေလုပ်သားများဘ၀ကတော့ ယခုအချိန်ထိ အကူအညီ အရင်းအနှီး ရရှိမည့် စာရင်းထဲ မပါဝင်ဘဲ ဘေးဖယ်ခံထားသည့် အပေါ်မှာတော့ ဦးစိန်လှတစ်ယောက် တွေးတောပြီး ဘ၀ရှေ့ရေးအတွက် ပို၍စိတ်မကောင်း ဖြစ်နေရှာလေတော့သည်.....။