မြထွီးသျှင် ရေးသားသည်။
စာသင်ခန်းထဲက ဝေဆာနေတဲ့ ကလေးငယ်တွေရဲ့ စာအံသံနဲ့အတူ စာချပေးနေတဲ့ ကျောင်းဆရာတစ်ယောက်….။ သူဟာ သာမန်လူတစ်ယောက်တော့ မဟုတ်ပါဘူး။
စာသင်ခန်းထဲ
ချိတ်ဆွဲထားတဲ့ white board ပေါ်က သူ့လက်ရေးလှလှလေးတွေဟာ ပုံမှန်
ညာဘက်လက်ချောင်းတွေကနေ ထွက်လာတာ မဟုတ်ဘဲ တံတောင်ဆစ်နှစ်ဖက်ကို
အသုံးပြုရေးနေတာပါ။
သူကတော့ မြောက်ဉီးမြို့နယ်၊ သာယာကုန်းကျေးရွာ
မူလတန်းစာသင်ကျောင်းက ကလေးတွေကို စာသင်ကြားပေးနေတဲ့ မွေးရာပါ
ခြေလက်အင်္ဂါမသန်စွမ်းသူ ကျောင်းဆရာ ခမီလူမျိုး ဦးအောင်မြင့်ပဲ ဖြစ်ပါတယ်။
ရည်မှန်းချက်ကြီးတဲ့
စိတ်ဓာတ်နဲ့ လောကဓံကို ရဲရဲ ရင်ဆိုင်ဖြတ်သန်းနေခဲ့တာ ၃၈
နှစ်တိုင်ခဲ့ပါပြီ။ မွေးရာပါ မသန်စွမ်းဖြစ်ခဲ့သူမို့ ငယ်စဉ်ကတည်းကနေ
ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်စေဖို့ လေ့ကျင့်ခဲ့ရပါတယ်။
“ကျနော် ကိုယ့်ဘာသာ လုပ်တတ်အောင်အတွက် ကျနော့်အမေက အလေ့အကျင့် လုပ်ပေးပါတယ်" လို့ ငယ်ဘဝကို ပြန်အောက်မေ့ရင်း သူက ဆိုပါတယ်။
ဦးအောင်မြင့်ဟာ အသက် ၁၀ နှစ်အရွယ်ရောက်မှ လမ်းလျှောက်နိုင်ခဲ့တာပါ။ ကိုယ့်အားကိုယ်ကိုးလိုတဲ့စိတ်နဲ့ နိစ္စဒူဝအလုပ်တွေကို အဲဒီအရွယ်ကတည်းက စပြီး ဇွဲရှိရှိ လုပ်ကိုင်ခဲ့ပါတယ်။
ပုံမှန်လူတွေလို လက်နှစ်ဖက်နဲ့ ခြေနှစ်ဖက်စလုံး အကောင်းအတိုင်း
ရှိမနေပါဘူး။ ဒါပေမဲ့ ရှိတဲ့ ခြေလက်ကို အသုံးချပြီး သာမန်လူတွေနည်းတူ သူ
ကြိုးစားခဲ့တာပါ။
မွေးရာပါ ခြေလက်အင်္ဂါမသန်စွမ်းသူမို့
အတန်းပညာသင်ကြားရာမှာလည်း အခက်အခဲတွေရှိခဲ့ပါတယ်။ သာမန်လူတွေလို
စာသင်ကျောင်းတွေကို သွားပြီး မသင်နိုင်လို့ အိမ်မှာ ဆရာမ ခေါ်ပြီး
သင်ခဲ့ရပါတယ်။ အဲဒီဆရာမကပဲ သူစာရေးနိုင်အောင်အတွက် လက်ချင်းထပ်ပြီး
စာရေးသင်ပြပေးခဲ့တာပါ။ အဲဒီအချိန်တုန်းက သူတို့ရွာမှာ
အစိုးရမူလတန်းကျောင်းတွေလည်း မဖွင့်သေးပါဘူး။
ဒါပေမယ့် အဋ္ဌမတန်းနဲ့
နဝမတန်းကိုတော့ ပုဏ္ဏားကျွန်းမြို့က အထက်တန်းကျောင်းမှာ
ပညာသင်ယူနိုင်ခဲ့ပါတယ်။ ကျောင်းကို ပထမဆုံး သွားတက်ရောက်ချိန်မှာ
မသန်းစွမ်းတစ်ယောက်ဖြစ်နေတာကြောင့် အခက်အခဲတွေ အများကြီး
ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အားမလျှော့ဘဲ ကိုယ့်အားကိုယ်ကိုးလို့
ကျောင်းတက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ သူငယ်ချင်းအချို့ကလည်း မိုးရွာ၊
ရေကြီးတဲ့နေ့တွေမှာဆိုရင် သူ့လွယ်အိတ်ကို ကူသယ်ပေးပြီး အကူအညီတွေ
ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
မွေးရာပါ မသန်စွမ်းပေမယ့် အတန်းပညာကို
ကြိုးစားသင်ယူနေတဲ့သူ့အဖို့ ဒဿမတန်းအရောက်မှာ ကံကြမ္မာဆိုး
ဝင်ရောက်ခဲ့ပါတော့တယ်။ သူတို့ မိသားစုထဲ ငွေရေးကြေးရေးပြဿနာကြောင့်
အခက်အခဲတွေ စုပြုံဝင်လာချိန် ပညာဆက်သင်ယူဖို့ အခွင့်အရေးကို
သူလက်လျှော့ခဲ့ရပါတယ်။
ဒါကြောင့် သူဟာ နဝမတန်းအောင်အပြီး ၂၀၀၃
ခုနှစ်မှာပဲ ပညာရေးကို အနားပေးခဲ့ရပါတယ်။ အဲဒီနောက် အိမ်မှာနေရင်း ၂၀၀၅
ခုနှစ်မှာတော့ သူတို့ ရွာက စာသင်ကျောင်းလေးမှာ ကျောင်းဆရာလုပ်ဖို့
အကြောင်းဖန်လာခဲ့ပါတော့တယ်။ အဲဒီအချိန်တုန်းက သူတို့ ကျေးရွာမှာ
တွဲဖက်မူလတန်းအဆင့် ကျောင်း တစ်ကျောင်းသာရှိပါတယ်။ စာလာသင်ပြတဲ့ ဆရာ၊
ဆရာမအင်အားကလည်း လုံလောက်မှုမရှိတာက သူ့အတွက်
အခွင့်အလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။
ငွေကြေးအခက်အခဲကြောင့်
မြို့ပေါ်အထိ သွားရောက် ပညာမသင်ယူနိုင်တဲ့ အလယ်တန်းကလေးငယ်တွေကို
စာသင်ပြပေးခဲ့ရာကနေ သူ ကျောင်းဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်တုန်းကတော့ စာသင်ပြပေးတဲ့ လုပ်အားခအနေနဲ့ ငွေကြေးတစ်စုံတရာ
ရတာမျိုးမရှိခဲ့ပါဘူး။ ဒါပေမဲ့ တစ်နှစ်ကို စပါးတင်း ၂၅၀ လောက်ကိုတော့
ကျောင်းသားမိဘတွေက စုပြီးပေးခဲ့တယ်လို့ သူက အတိတ်ကို ပြန်ပြောပြပါတယ်။
သူကျောင်းဆရာ စမလုပ်ခင်တုန်းက ဖြစ်ချင်တဲ့ ဆန္ဒတစ်ခု ရှိခဲ့ပါတယ်။
"အစတုန်းကဆိုရင်
ကျောင်းဆရာဆိုတာကို ကျနော် စိတ်လည်း မဝင်စားခဲ့ဘူး။ စိတ်ထဲမှာတောင်
မရှိခဲ့ဘူး။ ကျနော့်ရည်မှန်းချက်ကတော့ ကွန်ပျူတာသင်တန်း တက်မယ်။
ကွန်ပျူတာဆရာဖြစ်အောင် ကြိုးစားမယ်လို့ ရည်ရွယ်ထားခဲ့တာပါ" လို့ သူက
ဆိုပါတယ်။
ဒါပေမဲ့ သူကျောင်းနားနေချိန် ၂၀၀၄ ခုနှစ်မှာ
ဉီးလေးဖြစ်သူက သူ့သားသမီးတွေကို စာပြပေးဖို့ သူ့ကို အမြဲ
တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ရွာမှာလည်း စာသင်ကျောင်းဖွင့်ချိန်
စာသင်ပြပေးမယ့် သူမရှိတာကြောင့် ရွာက ကလေးငယ်တွေကို ပညာသင်ကြားပေးချင်ရာကနေ
ကျောင်းဆရာလမ်းကြောင်းပေါ် သူရောက်ရှိခဲ့ပါတော့တယ်။
"အခြားရွာတွေမှာက
ကျောင်းတွေ ဖွင့်နေပြီဆိုပေမယ့် ကျနော့်ရွာမှာက ကျောင်းတွေ
မဖွင့်သေးဘူးဆိုတော့ သူက တိုက်တွန်းတယ်။ မင်းစာပြလိုက်တော့ဆိုပြီးတော့။
အဲဒီနှစ်ကနေ စပြီးတော့ ကိုယ်က စိတ်မဝင်စားပေမဲ့
ဘယ်လိုတစ်ခုလုပ်မလဲဆိုပြီးတော့ စာစပြခဲ့တာပါ" လို့ သူက ပြောပြပါတယ်။
မူလတန်းကနေ
အလယ်တန်းအထိ သူစာသင်ပေးခဲ့တဲ့ ကျောင်းသားတွေဟာ မရေမတွက်နိုင်လောက်အောင်
ရှိခဲ့ပြီလို့လည်း သူက ပီတိစကား ဆိုပါတယ်။ ကျောင်းဆရာ စလုပ်ချိန်မှာတော့
မသန်စွမ်းတစ်ယောက်ဖြစ်နေတဲ့အပေါ် စိုးရိမ်စိတ်တွေ ရှိခဲ့ပါတယ်။
"ကိုယ်က
ဆရာတစ်ယောက်ဖြစ်နေပြီဆိုတော့ ကိုယ့်ကို ကျောင်းသားလေးတွေက နားလည်မှာလား။
လေးစားကြမှာလား။ ဆရာတစ်ယောက်အနေနဲ့ရော အသိအမှတ်ပြုကြမှာလားဆိုပြီး
စိုးရိမ်မိခဲ့တယ်" လို့ သူကြုံတွေ့ခဲ့ရတဲ့ စိတ်အခြေအနေကို ပြောပြပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ တပည့်တွေရဲ့ ရိုသေ ချစ်ခင်လေးစားမှုကိုသာ သူ ရရှိခဲ့ပါတယ်။
ဦးအောင်မြင့်ဟာ
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ခမီတိုင်းရင်းဘာသာပြသင်တန်းကို
တက်ရောက်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ သူ့ရွာမှာ ရှိတဲ့
မူလတန်းစာသင်ကျောင်းမှာ ခမီတိုင်းရင်းဘာသာပြ ဆရာတစ်ယောက်အနေနဲ့ ဝင်ရောက်
တာဝန်ထမ်းဆောင်နေပါတယ်။ မြန်မာစာနဲ့ လူမှုရေးဘာသာရပ်ကိုလည်း
တွဲဖက်သင်ပြပေးနေပါသေးတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာတော့ အနီးအနား ကျေးရွာတွေမှာ ကျူရှင်လိုက်ပြတယ်လို့ သူက ဆိုပါတယ်။
မသန်စွမ်းတစ်ယောက်ဖြစ်တဲ့
သူ့ဘဝသက်တမ်းတစ်လျှောက်မှာ ခွဲခြားဆက်ဆံခံရတာတွေလည်း ကြုံခဲ့ရပါတယ်။
ကျောင်းဆရာဖြစ်တဲ့အချိန်မှာလည်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ မတူတန်သလို
ခွဲခြားဆက်ဆံမှုတွေကို ခံခဲ့ရတယ်လို့ သူ့ဘဝမှာ ဖြတ်သန်းခဲ့ရတာကို ဆိုပါတယ်။
"ဆရာတစ်ယောက်အဖြစ်နဲ့
ကိုယ်က မသန်စွမ်းတစ်ဉီးဖြစ်နေတော့ လူပုံအလယ်ကို ဝင်ရမှာ ရှက်လည်းရှက်၊
အားလည်း နာခဲ့တယ်။ ကိုယ့်ကို မရှက်ရအောင်ဆိုတဲ့စိတ်ကို တင်းပြီးတော့
လူပုံအလယ်မှာလည်း စကားတွေ ဝင်ပြောခဲ့တယ်။ ကျနော်နဲ့အတူ လက်ဖက်ရည်
မသောက်ချင်တဲ့ ဆရာ၊ ဆရာမတွေတောင် ရှိခဲ့တယ်" လို့ သူက ပြောပါတယ်။
တခြားသူတွေနဲ့ယှဉ်ရင်
သူဟာ မသန်စွမ်းတစ်ယောက်ဖြစ်တဲ့အတွက် လမ်းခရီးသွားလာရေးမှာလည်း များစွာ
အခက်အခဲရှိခဲ့ပါတယ်။ ဒါပေမဲ့ နေပူမိုးရွာမရှောင် စာသင်ပြတဲ့တာဝန်ကို
မပျက်မကွက် ထမ်းဆောင်ခဲ့သူပါ။ ဒါကြောင့်ပဲ သူ့ကို ရွာက ကလေးတွေအတွက်
အားထားစရာ ဉယျာဉ်မှူးကြီးလို့ သာယာကုန်းရွာဒေသခံတွေက တင်စားကြပါတယ်။
ကျောင်းဆရာဉီးအောင်မြင့်မှာ မွေးချင်းမောင်နှမသုံးယောက်ရှိပါတယ်။
မိခင်က ၂၀၁၀ ပြည့်နှစ်မှာ ဆုံးပါးသွားခဲ့ပါတယ်။ အဲဒီနောက် သူဟာ
ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ အစ်ကိုကြီးရဲ့ ဇနီးဖြစ်သူ (သူ့မရီး)မိသားစုနဲ့
လက်ရှိအချိန်အထိ အတူတူ နေထိုင်နေပါတယ်။ လူပျိုကြီးဘဝနဲ့ပဲ ကလေးတွေကို
စာသင်ပေးရင်း ပျော်မွေ့နေပြီလို့ ဆိုပါတယ်။
သူအခုလို ရွာက ကလေးတွေရဲ့ပညာရေးအတွက် အားထားစရာအထောက်အပံ့ဖြစ်နေပုံကို သူ့အမေသိရင် ဘယ်လို ဖြစ်နေမလဲဆိုတာကိုလည်း သူ တွေးမိနေပါတယ်။
"သားတစ်ယောက် အခုလို ပညာဒါနပြုနေတာကို အမေသိရင်လည်း ဝမ်းသာနေမှာပါ"လို့ ဆိုပါတယ်။
အခုလို
ကျောင်းဆရာတစ်ယောက်ဖြစ်လာဖို့က သူ့ရည်မှန်းချက်မဟုတ်ခဲ့ပေမယ့်
လက်ရှိအချိန်မှာတော့ ကျေးရွာက ကလေးတွေအတွက် မီးရှူးတန်းဆောင်အဖြစ်နဲ့
သူ့အလုပ်ကို ကျေနပ်မိနေပါပြီ။
"အစတုန်းက စိတ်မဝင်စားခဲ့ပေမယ့်
အခုတော့ ကျောင်းဆရာအလုပ်ကို စိတ်ဝင်စားနေပါပြီ။ ကျနော် မသန်စွမ်းပေမယ့်
ဒီအလုပ်ကိုလုပ်နိုင်တဲ့အတွက် ဝမ်းလည်း သာတယ်၊ ဂုဏ်လည်းယူတယ်။
အခုကျနော်အသက်ရှင်နေတဲ့ကာလအတွင်းမှာတော့ ကိုယ်တတ်ထားတဲ့ပညာနဲ့ ကလေးတွေကိုမျက်စိဖွင့်ပေးချင်တယ်။ လုပ်ပေးဆောင်ရွက်သွားမယ်လို့လည်း ရည်ရွယ်ထားပါတယ်" လို့ သူ့အနာဂတ်အတွက် ဆုံးဖြတ်ထားတာကို ပြောပြပါတယ်။
ရခိုင်မှာ
လူဝင်မှုကြီးကြပ်ရေးဌာနက ကောက်ယူထားတဲ့ ၂၀၁၉ နောက်ဆက်တွဲ
သန်းခေါင်စာရင်းအရ မသန်စွမ်းဉီးရေ ၅၀၅၅၃ ယောက်ရှိပါတယ်။ အများစုက
မိသားစုတွေရဲ့ အကူအညီအထောက်အပံ့နဲ့ ရပ်တည်နေကြသူတွေဖြစ်တယ်လို့
မသန်စွမ်းအရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
ရခိုင်မှာ
မသန်စွမ်းသူတွေအတွက် ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့
အလုပ်အကိုင်အခွင့်အလမ်းတွေလည်း နည်းပါးနေပါတယ်။ သူတို့နဲ့
ကိုက်ညီတဲ့အလုပ်အကိုင်တွေရရှိဖို့ သက်မွေးဝမ်းကျောင်းသင်တန်းတွေလည်း လိုအပ်နေတယ်လို့ ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံး ဥက္ကဋ္ဌ ဦးလှမြင့်က ပြောဆိုထားပါတယ်။
ဦးအောင်မြင့်ကတော့
ရခိုင်က မသန်စွမ်းသူတွေထဲက တစ်ယောက်ဖြစ်ပေမယ့် သူနဲ့ကိုက်ညီတဲ့
အသက်မွေးဝမ်းကျောင်းထက်ပိုတဲ့ ကလေးတွေရဲ့ ရှေ့ဆောင်လမ်းပြ
ကျောင်းဆရာဘဝကိုပါ ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။
သူနဲ့ဘဝတူ မသန်စွမ်းညီအစ်ကိုမောင်နှမတွေကိုလည်း
ဘဝကို အားမငယ် အရှုံးမပေးဘဲ ရဲရဲဝံ့ဝံ့ကျော်ဖြတ်နိုင်ဖို့၊ ကြိုးစားကြဖို့
အမြဲတိုက်တွန်းရင်း စိတ်ဓာတ်ခွန်အားတွေကို မျှဝေပေးသွားဖို့ သူ့
မျက်ဝန်းထဲမှာ ယုံကြည်ချက်အပြည့် ရှိလို့နေပါတော့တယ်။
================