ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

သံတွဲတွင် ဘောလုံးပွဲအပြီး မူးမေ့သူ ကျောင်းသူ ၆ ဦးကို ထပ်မံဆေးရုံတင်ရ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကင်းမော်ကျေးရွာမှ ဘောလုံးပွဲအပြန် မူးမေ့သူ အယောက် ၂ဝ ကျော်အနက် နောက်ထပ် ကျောင်းသူ ၆ ဦးကို ဆေးရုံတင်လိုက်ရသည်ဟု သိရသည်။

သူတို့ ၆ ဦးသည် ယမန်နေ့၊ စက်တင်ဘာလ ၃ ရက်တွင် အသက်ရှူမဝဖြစ်ပြီး အောက်စီဂျင် ကျဆင်းလာမှုကြောင့် သံတွဲဆေးရုံသို့ တင်ထားလိုက်ရခြင်းဖြစ်သည်ဟု သံတွဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာကို အတည်ပြုပြောသည်။

"မနေ့က ခြောက်ယောက်ထပ်ဖြစ်ပြန်တယ်။ အောက်စီဂျင်ပြတ်ပြီး အသက်ရှုမဝဖြစ်တာပါ။ ဆေးရုံပြန်တင်ထားရပါတယ်" ဟု ပြောသည်။

 သူတို့၏အခြေအနေမှာ မစိုးရိမ်ရဟု သိရသည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က သံတွဲမြို့ မြို့နယ်အားကစားကွင်းတွင်ကျင်းပသော မြို့နယ်အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ၌ အ.ထ.က ကင်းမော်အသင်းနှင့် အ.ထ.က ဂျိတ္တောအသင်းတို့ ဆီးမီးဖိုင်နယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ အ.ထ.က ဂျိတ္တောအသင်းက အနိုင်ရရှိခဲ့သည်။

ယင်းနေ့က ဘောလုံးပွဲအပြီး ညနေပိုင်းအချိန်က အ.ထ.က ကင်းမော်အသင်းမှ အသင်းသားများနှင့် လာရောက်အားပေးကြသူများက သံတွဲမြို့နှင့် ၅ မိုင်ခွဲခန့်ဝေးသည့် ကင်းမော်ရွာသို့ ကားဖြင့် ပြန်လည်ရောက်ရှိပြီးနောက် လူဦးရေ ၂ဝ ကျော်မှာ ရုတ်တရက် အသက်ရှူကျပ်ကာ သတိလစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းအနက် ၃ ဦးကို စိုးရိမ်ရ၍ ညတွင်းချင်း သံတွဲဆေးရုံသို့ အရေးပေါ် ဆေးရုံတင်လိုက်ရပြီး လက်ရှိတွင် သက်သာသွားပြီဖြစ်၍ ဆေးရုံမှ ဆင်းသွားကြပြီးနောက် နောက်ထပ် ၆ ဦး အသက်ရှုကျပ်၍ ယမန်နေ့က ဆက်လက် ဆေးရုံတင်ခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။

သံတွဲမြို့ခံတစ်ဦးက "သတိလစ်မှုဖြစ်တဲ့ကလေးတွေက ကောင်းတဲ့သူတွေကောင်းနေကြပြီ။ ဆေးရုံကိုရောက်လို့ နည်းနည်းပါးပါး သက်သာတဲ့သူတွေက ကိုယ့်အိမ်ကို ပြန်လာတယ်။ အိမ်ကို ရောက်တော့ ပြန်လည်ပြီး သတိမေ့သွားကြတဲ့သူတွေရှိတယ်။ မနေ့က သတိလစ်မူးမေ့တဲ့ သူတွေကိုလည်း ဆေးရုံဆက်တင်ထားရသေးပါတယ်။ ဘာဖြစ်တာမှန်းတော့ မသိပါဘူး" ဟု ပြောသည်။

သံတွဲမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၂ဝ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ သံတွဲမြို့ရှိ မြို့နယ်အားကစားကွင်းတွင် မြို့နယ်အား/ကာက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်၊ နံနက်ကလည်း မြောက်ဦးမြို့နယ်၊ (ကုလားပုန်း) ညောင်ပင်လယ်ကျေးရွာ အထက်တန်းကျောင်းခွဲမှ Grade- 9 ကျောင်းသူ ၄ ဦးမှာ ကျောင်းစာသင်ခန်းထဲ ရုတ်တရက်အသက်ရှူကျပ်၍ ဆေးရုံတင်လိုက်ရသည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာ အထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ကျော်သည် စာသင်နေရင်း ရုတ်တရက် အသက်ရှုမရ မွန်းကျပ်လာသည့်အတွက် ဆေးရုံသို့ အရေးပေါ်တင်ခဲ့ရကြောင်း သိရသည်။ (NN-12)

ဓာတ်ပုံ -  Thandwe Sports page

ဆက်စပ် သတင်းများ