တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၃,၇၈၅ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 794

ဂါဇာကမ်းမြောင်ဒေသကို အောက်တိုဘာ ၇ ရက်ကစပြီး အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ပါလက်စတိုင်း ၃,၇၈၅ ဦး သေဆုံးပြီး ၁၂,၄၉၃ ဦး ဒဏ်ရာရခဲ့သည်ဟု  ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားသည်။

သေဆုံးသူများအထဲတွင် ၁၅၂၄ ဦးမှာ ကလေးများများဖြစ်ပြီး အမျိုးသမီး ၁,၀၀၀ လည်း သေဆုံးသူများအထဲတွင် ပါဝင်ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Ashraf Al-Qudra က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းက ဂါဇာတွင် ကျန်းမာရေးဝန်ထမ်း ၄၄ ဦး သေဆုံးခဲ့ပြီး ဆေးရုံ ၄ ရုံ ပျက်ဆီးသွားကာ အခြေခံကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှု ၁၄ ခု အလုပ်မလုပ်တော့ကြောင်း ပြောကြားခဲ့သည်။

“ဂါဇာမှာရှိတဲ့ ဆေးရုံတွေမှာ ဆေးလက်ကျန်တွေ မရှိဘူး။ ဂါဇာသို့ အကူအညီများ အမြန်ပေးပို့ရန်” နိုင်ငံတကာအသိုင်းအဝိုင်းအား ၎င်းက တောင်းဆိုခဲ့သည်။

အစ္စရေး၏ အမိန့် ထုတ်ပြီးနောက် အရပ်သားများသည် မြောက်ပိုင်းဂါဇာမြို့မှ ဂါဇာကမ်းမြှောင် တောင်ဘက်သို့ ထွက်ပြေးရောက်ရှိ လာကြသော်လည်း မည်သည့်နေရာမှ မလုံခြုံကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ Jabaliya ဒုက္ခသည်စခန်းမှ Reuters မှရရှိသော ဗီဒီယိုဖိုင် တစ်ခုတွင် ဒေသခံများသည် ပျက်စီးနေသော အဆောက် အအုံအတွင်း ပိတ်မိနေသော ယောက်ျားလေးနှင့် မိန်းကလေးငယ်တစ်ဦးကို လွတ်မြောက်ရန် လက်ဗလာဖြင့် မြေကြီးကို တူးဆွသည်ကို မြင်တွေ့ရသည်ဟု ဖော်ပြသည်။

ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံးနေရာများထဲမှ တစ်ခုဖြစ်သည့် ဂါဇာအတွင်း လူဦးရေတစ်ဝက်ခန့်မှာ  ပိတ်မိနေပြီး ၎င်းတို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း အရပ်သားများ၏ အကျပ်အတည်းသည် အရှေ့အလယ်ပိုင်းဒေသကို ဒေါသထွက်စေပြီး စစ်ပွဲမပြန့်ပွားစေရန် အာရပ်မဟာမိတ်များကို စုရုံးရန် ဘိုင်ဒင်နှင့် အခြား အနောက်နိုင်ငံခေါင်းဆောင်များအတွက် ပိုမိုခက်ခဲစေသည်။

အမေရိကန် သမ္မတ ဘိုင်ဒင် အစ္စရေးအပါအဝင် အရှေ့အလယ်ပိုင်း ခရီးစဉ်မတိုင်မီ  ဂါဇာရှိဆေးရုံတစ်ရုံတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူအများအပြားသေဆုံးခဲ့သဖြင့်  အာရပ်ခေါင်းဆောင်များနှင့် ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းခဲ့ရသည်။

ပါလက်စတိုင်းတို့က လူပေါင်း ၅၀၀ ခန့် သေဆုံးခဲ့သည့် ဆေးရုံဗုံးပေါက်ကွဲမှုကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအပေါ် အပြစ်တင်ခဲ့သော်လည်း အစ္စရေးကမူ ယင်းပေါက်ကွဲမှုမှာ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများက ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားသည်။

သမ္မတ ဘိုင်ဒင်ကလည်း အမေရိကန်၏ ရရှိထားသော အထောက်အထားများသည် အစ္စရေးပြောဆိုချက်ကို ထောက်ခံသည်ဟု ပြောကြားခဲ့သည်။ NN-30

Ref: Dhaka Tribune

ဆက်စပ် သတင်းများ