တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

မောင်တောအနီး လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး ၂ ဦး သေဆုံးပြီး ၁၀ကျော် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 729

အိမ်စိုးဖြူနှင့် နောင်မင်းသူ နိရဉ္စရာ၊ ဇွန် ၁၉ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့အနီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၂ ဦး သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဟာဘီကျေးရွာဒေသခံမွတ်ဆလင်တစ်ဦးက " လေကြောင်းက ဟာဘီရွာကို ဗုံးချတာ ၂ ရက်ရှိပြီ။  ဇွန် ၁၈ ရက်နေ့က မနက်အာရုဏ်မှာလာချတယ်။ ဒေသခံရွာသား ၂ ဦးပွဲချင်းပြီး သေဆုံးသွားတယ်။ ကလေးငယ် ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်။ ဒီနေ့ဇွန်လ ၁၉ ရက်မနက် အာရုဏ်မှာလည်း ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးလာကြဲချခဲ့တယ်။ ဒီနေ့တော့ ထိခိုက်ဒဏ်ရာရရှိမူတော့ မရှိခဲ့ဘူး။ လက်နက်ကြီးလည်း ဆက်တိုင်းအပစ်ခံနေရတယ်"ဟု ပြောကြားသည်။

ဇွန်လ ၁၈ ရက် နံနက်အာရုဏ်၌ ဂျက်တိုက်‌လေယာဉ်ဖြင့်ဗုံးလာကြဲချမူ‌ကြောင့် မောင်တောမြို့အနီး သီဟိုဋ် ကျွန်းရွာအုပ်စု၊ ဟာဘီအနောက် (မွတ်ဆလင်)ကျေးရွာမှ မာမတ်အီနူစ်(၃၅)နှစ်၊ အီလီယက်(၂၈)နှစ် တို့မှာပွဲချင်းပြီးသေဆုံးခဲ့ရသလို ခါစိန်နာ(၄၅ )နှစ် နှင့် အသက်(၁၀)နှစ် အရွယ် မွတ်ဆလင်က‌လေးငယ်(၂)ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများထံမှသိရှိရသည်။

၎င်းပြင် ဇွန်လ ၁၈ ရက်နေ့‌မွန်းတည်းပိုင်း၌ နခခ(၅)မှလက်နက်ကြီးပစ်ခတ်မူကြောင်း ကျီးကန်းပြင် အနီးရှိ အောင်ဇေယျ(ရခိုင်) ကျေးရွာမှ လူ ၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာ ရသူများအထဲတွင် မောင်နှမ ၂ ဦး၊ လင်မယား ၂ဦးနှင့် ထိုကျေးရွာသို့ တိုက်ပွဲ ရှောင်လာသည့် ၄မိုင်သာယာကုန်းကျေးရွာမှ အမျိုးသမီး၂ ဦးတို့ ပါဝင်သည်။

၎င်းတို ဒဏ်ရာများမှာ  ပြင်းထန်ကြောင်း အောင်ဇေယျကျေးရွာ ဒေသခံများထံမှ သိရသည်။

"မနေ့က မွန်းတည်းပိုင်းမှာ စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးရွာအနီးကျရောက်ပြီးအမျိုးသမီး ၄ ဦးနဲ့ အမျိုးသား၂ ဦးအားလုံး ၆ ဦးဒဏ်ရာရှိခဲ့ကြတယ်။တိုက်ပွဲလည်းဖြစ်တာမရှိဘူး။ ဒီလိုလှမ်းပစ်တာ။ မနက်အာရုဏ်မှာလည်း ဂျက်လေယာဉ်နဲ့ကျီးကန်းပြင် နဲ့ အောင်ဇေယျကြားကို ဗုံးလာချခဲ့သေးတယ်။ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ကြဘူး"လို့ အောင်ဇေယျရွာသားတစ်ဦးကပြောဆိုသည်။

အောင်ဇေယျကျေးရွာအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ရက်တိုင်တိုင် လာရောက် ပစ်ခတ်သဖြင့်အမျိုးသမီးများအပါအဝင် ဒေသခံ ၆ ဦး ဒဏ်ရာရှိခဲ့ကြပြီး ၎င်းတို့မှာ မသန်းသန်းစိုး(၁၇)နှစ်၊ မလှညွှန့်အေး (၁၇)နှစ်၊ မသန္တာစိုး (၂၅)နှစ်၊ မောင်စောနိုင်ထွန်း(၂ဝ)နှစ်၊ ဦးအောင်ကျော်ထွန်း(၅ဝ)နှစ်နှင့် ဒေါ်မဖြူစိန်(၄၃)နှစ်တို့ဖြစ်ကြသည်။

နခခ(၅)မှပစ်ခတ်လိုက်တဲ့လက်နက် ကြီးကျဥ်တစ်လုံး ကျီးကန်းပြင် အနီးရှိ အောင်ဇေယျ ကျေးရွာသို့ ကျရောက် ပေါက်ကွဲတာ‌ကြောင်း မသန္တာစိုး၏ ခန္ဓာတစ်ခုလုံးတွင် လက်နက်ကြီးကျဉ်စများ ထိမှန်ဒဏ်ရာရရှိခဲ့သလိုသူမ၏မောင်ဖြစ်သူ စိုးနိုင်ထွန်း၏ဦးခေါင်းတွင်ကျဉ်စထိမှန်ဒဏ် ရာရရှိသည်။

ဇွန်လ ၁၈ ရက်တစ်ရက်လုံးနီးပါးမြို့သူကြီးအခြေစိုက် နခခ(၅)မှ တိုက်ပွဲဖြစ်ပွါးနေတဲ့ မောင်တော တောင်ပိုင်းရှိ ညောင်ချောင်း၊ပန်းတောပြင်၊(မွတ်ဆလင်)ကျေးရွာများဖက်သို့ လက် နက်ကြီးများ ဆက်တိုက် ပစ်ခတ်ခဲ့သလိုမြောက်ပိုင်းရှိ ဟာဘီ၊ဇူလ၊ ဂွမ်ညှာစသည့်(မွတ်ဆလင်) ကျေးရွာများ သို့လည်းယနေ့ ဇွန်လ ၁၉ ရက်နေ့၌ လက်နက်ကြီးများပစ်ခတ်နေပြီး မနက်အာရုဏ်၌ ဟာဘီ(မွတ်ဆလင်) ကျေးရွာအနီး လေကြောင်းမှ ဗုံးကြဲချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ- သက်လူငယ် ( အောင်ဇေယျ ကျေးရွာ ဗုံးကြဲခံရ၍ အပျက်အစီး)

ဆက်စပ် သတင်းများ