- Web Master
- ၁၅ အောက်တိုဘာ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်က ရေချိုငါးမှာယူမှုလျှော့ချထား၍ ရခိုင်နယ်စပ်ကုန်သွယ်မှုသည် လက်ရှိတွင် လုံးဝ ကျဆင်းလျက်ရှိကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)မှ သိရသည်။
ရခိုင်မှ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မောင်တောကညင်ချောင်းစခန်းနှင့်
စစ်တွေရွှေမင်းဂံစခန်းတို့၏ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စက်တင်ဘာလ ၁၅ ရက်အထိ
တင်ပို့နိုင်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၂၆ သန်းဖိုးသာရှိပြီး ပြီးခဲ့သည့်
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စက်တင်ဘာ ၁၅ အထိဆိုလျှင် အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၂၈၂
သန်းဖိုးအထိ တင်ပို့နိုင်ခဲ့သည်ဟု နယ်စပ်ကုန်သွယ်ရေးစာရင်းများအရ သိရသည်။
RSCCI မှ အတွင်းရေးမှူးဦးအောင်အောင်က “ကုန်သွယ်မှုတွေကျဆင်းနေတယ်။ မိုခါနောက်ပိုင်းပေါ့နော်။
ပစ္စည်းတွေအသွားအလာနည်းကြတယ်။ ဒီလတော့ နည်းနည်းကောင်းလာမယ်ထင်ပါတယ်။ ငါးတွေတော့
ဒီဘက်ကပို့နေတယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါးကို အဓိကထား တင်ပို့လျက်ရှိသော်လည်း ပြီးခဲ့သည့် မတ်လမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရေချိုငါးမှာယူမှုလျှော့ချလိုက်သည့်အတွက် ယခုကဲ့သို့ ကုန်သွယ်မှုတန်ဖိုး ကျဆင်းသွားခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ အဓိကထားတင်ပို့နေရသည့် ရေချိုငါးသည် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးဘက်မှ ထွက်ရှိသည့် ငါးမြစ်ချင်းများဖြစ်သည်။
လက်ရှိတွင် မောင်တောကညင်ချောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ငါးစိမ်းများကို
ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှုမရှိတော့ဟု မောင်တောနယ်စပ်ကုန်သည်တစ်ဦးက
နိရဥ္စရာသတင်းဌာနကိုပြောသည်။
“ငါးစိမ်းက မောင်တောကနေ တင်ပို့လို့မရတော့ဘူး။ စစ်တွေက တင်ပို့ရတယ်။
မောင်တောက အခုသွားနေတာ ကုန်စုံပစ္စည်းတွေ၊ အလှကုန်တွေ။ ပုံမှန်လည်း မထွက်ဖြစ်ဘူး။ အရင်ဆို
စက်လှေ တစ်ရက်ကိုသုံးလေးငါးစီး ထွက်တယ်”ဟုပြောသည်။
လက်ရှိ
ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်၊ ချင်း၊
ဇီးသီးခြောက်၊ မကျည်းစေ့များကို အများဆုံး တင်ပို့လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ
မြန်မာသို့ ပလပ်စတစ်ပစ္စည်းများနှင့် ရေတိုင်ကီဗူးများကို တင်သွင်းလျက်ရှိကြောင်း
သိရသည်။
Photo - RSCCI