တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

မင်းပြားမြို့ အခြေစိုက်တပ်ရင်းများကို ရက္ခိုင့်တပ်တော်ဝင်ရောက်တိုက်ခိုက်


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 5.4k

(စစ်ကောင်စီက ၎င်းတပ်ရင်းများမကျစေရန် လေယာဉ်ဖြင့် ပစ်ကူတိုက်ခိုက်နေ)

ရခိုင်ပြည်မှ အရေးကြီးသည့်စစ်စခန်းများတည်ရှိရာ မင်းမြို့ရှိ ကျိန်းတောင်စခန်း အပါအဝင် အကြမ်းဖက် စစ်ကောင်စီတပ်ရင်းများကို  ရက္ခိုင့်တပ်တော်(AA)က ယနေ့ နံနက်က စတင်ပြီး ဝင်ရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ယနေ့ဇန်နဝါရီလ ၁၀ရက်၊ နံနက် ၆နာရီအချိန်မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"တိုက်ပွဲက ပြင်းတယ်။ နှစ်ဖက်ပစ်နေကြတာ။ မနက်မိုးလင်းကတည်းက ပစ်နေကြတာ။ အခုထိပစ်နေတုန်းဘဲ" ဟုပြောသည်။

မင်းပြားတွင် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် (၃၈၀)၊ (၅၄၁)၊ (၃၇၉)စသည့် တပ်ရင်းများတည်ရှိပြီး အဆိုပါစခန်းများကို ဝင်တိုက်ပုံရသည်ဟု  နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။

"တပ်ရင်းတွေကိုလည်း ဝင်တိုက်နေတယ်။ ကျိန်းတောင်ကိုပါတိုက်နေတာ။ တိုက်ပွဲ ပြင်းထန်နေပါတယ်။ ဂျက်လေယာဥ်လည်း ဝဲနေတယ်။ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ပါ တိုက်နေတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေပါတယ်" ဟု ပြောသည်။


စစ်ကောင်စီက ရဟတ်ယာဉ်တစ်စီးက စက်သေနတ်များဖြင့် အဆက်မပြစ် ပစ်ခတ်နေသည်ကို မြင်တွေ့ရပြီး ဂျက်ဖိုက်တာတစ်စီးနှင့်ဗုံးများကြဲချနေသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

“ တိုက်ပွဲဖြစ်တာက မနက် ၆ နာရီ ၁၅ မိနစ်လောက်မှာ စဖြစ်ပါတယ်။ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေက ၈ နာရီ မိနစ် ၂၀ လောက်မှာ လာတိုက်ခိုက်တာကိုတွေ့ရတယ်။ လူအထိခိုက်တော့ မသိရှိရသေးဘူး”ဟု ပြောကြားသည်။

စစ်ကောင်စီသည် ရခိုင်ပြည်၏ အဓိက အချက်အချာကျသည့် မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့တို့တွင် စစ်တပ်တပ်ရင်းအများအပြားကို အခြေစိုက်ထားပြီး လက်ရှိတွင် အဆိုပါဒေသအတွင်း တိုက်ပွဲများပြင်းထန်လာနေသည်ဟု သိရသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားနေသည့် မင်းပြားမြို့နှင့် အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ လေကြောင်းမှ ရဟတ်ယာဉ် ၁စီး၊ ဂျက်တိုက်လေယာဉ် ၁စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်နေ၍ အမြောက်သံ၊ ဗုံးသံများ ကျယ်လောင်စွာကြားနေရပြီး မြို့ခံများ အထိအခိုက်ရှိ/မရှိကို  ကနဦး မသိရသေးကြောင်း ဒေသခံများက ပြောသည်။(NN-12)

ဆက်စပ် သတင်းများ