- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
(ငါးသလောက် ၁ ပိဿာတစ်ကောင်ကို ကျပ်တစ်သိန်းအထိ ဖြစ်နေ)
စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် ရခိုင်ပြည်နယ်ရှိ
နယ်စပ်မြို့တစ်ခုဖြစ်သော မောင်တောမြို့တွင် အခြားမြို့များထက် ကုန်ဈေးနှုန်းအပြင်
သားငါးပုစွန်ဈေးနှုန်းများပါ အဆမတန်မြင့်တက်နေကြောင်း မြို့ခံများက ပြောသည်။
မောင်တောမြို့တွင် ဆန်နှင့် အခြေခံစားသောက်ကုန်များနှင့်အတူ
ရေထွက်ငါးပုစွန်များလည်း ဈေးကြီးနေရာ မိုခါမုန်တိုင်းအလွန်တွင် ငါးပုစွန်ဈေးနှုန်း
အဆမတန်ထိုးတက်သွားကြောင်း ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယခု ဩဂုတ်လထဲတွင်ဆိုလျှင် မောင်တောမြို့မဈေးကြီးတွင် ငါးသလောက် တစ်ပိဿာကောင်တစ်ကောင်ကို
ကျပ်ငွေ ၁ သိန်းကျပ်ခန့်အထိဖြင့် ရောင်းချနေကြကြောင်း မြို့ခံအမျိုးသားတစ်ဦးက
ပြောသည်။
"မောင်တောဈေးမှာ ငါးသလောက်တစ်ပိဿာကို
တစ်သိန်းနဲ့ရောင်းနေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနေ့တောင်မှ ငါးသလောက်တစ်ကောင်ကို
တစ်သိန်းတောင်းတယ်။ ဝယ်သူက ကိုးသောင်းနဲ့ ဝယ်သွားတာတွေ့တယ်။
နှစ်ပိဿာနီးပါးရှိမယ်ငါးက" ဟု ပြောသည်။
ယင်းအပြင် ကျားပုစွန်အလယ်အလတ်ဆိုဒ် တစ်ပိဿာကို ယခင်နှစ်က ၆၀၀၀ နှင့်
၆၅၀၀ ကျပ်ခန့်ရှိခဲ့ရာမှ ယခုလက်ရှိအချိန်တွင် ၁၆၀၀၀ ကျပ်၊
ကျားပုစွန်အကြီးဆိုဒ်များဆိုလျှင် တစ်ပိဿာကို ၂၀၀၀၀ ကျပ်အထိပေးဝယ်နေရကြောင်း
သိရသည်။
အထက်ပါအမျိုးသားက "ပုစွန်သေးသေးလေးတွေတောင်
အရင်က ငါးရာဖိုးဆို စားရတယ်။ အခုအဲဒါတွေတောင် တစ်ထောင်ကျော်ဖိုးလောက်
ဝယ်နေရပြီ" ဟု ပြောသည်။
မောင်တောမြို့မစျေးကြီးတွင် ရောင်းချနေသည့် ငါးပုစွန်များကို
နတ်မြစ်ကိုအမှီပြုနေသည့် ဒေသတွင်းရေလုပ်ငန်းများမှ အဓိကရရှိနေခြင်းဖြစ်ကြောင်း
သိရသည်။
နတ်မြစ်ကမ်းအနီးတည်ရှိသည့် မောင်တောမြောက်ပိုင်း ရွှေဇား၊
ပေါင်းဇား၊ လောင်ပေါ်ကျ၊ သူကြီးသားစသည့်ကျေးရွာများရှိရေလုပ်ငန်းများနှင့် မောင်တောတောင်ပိုင်း
မန်ကျည်းချောင်း၊ မောင်နီရွာ၊ ချိန်ခါလီ၊ အလယ်ပြင်စသည့် ကျေးရွာရေလုပ်ငန်းများက
မောင်တောမြို့၏ ငါးစားသုံးမှုစျေးကွက်ကို အဓိကဖြည့်တင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံတစ်ဦးက "အဓိကတော့ ဒီကငါးစျေးကွက်မှာ
ဒေသတွင်းကရေလုပ်ငန်းတွေက ရတာပါ။ ကျေးရွာရေလုပ်ငန်းတွေက နတ်မြစ်မှာ
ပိုက်ဆွဲပြီးရလာတဲ့ငါးတွေပေါ့။ တစ်ခုရှိတာက ဒီမှာ ရေချိုငါးစျေးကွက်မရှိဘူး။
ရေချိုငါးသိပ်မစားကြဘူး" ဟု ပြောသည်။
အဆိုပါမောင်တောမြို့မစျေးကြီးတွင် အမဲသားနှင့်ဆိတ်သား တစ်ပိဿာကို
၂၄၀၀၀ ကျပ်၊ အိမ်ကြက်တစ်ပိဿာကျော်တစ်ကောင်ကို အနည်းဆုံး ၅၀၀၀၀ ကျပ်၊ မွေးမြူရေးကြက်ပိဿာကျော်တစ်ကောင်ကို
အနည်းဆုံး ၂၁၀၀၀ ကျပ်ရှိပြီး ယင်းဈေး နှုန်းများမှာမိုခါမုန်တိုင်းအလွန်တွင်
ပိုမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၁၂၀၀၀၀ ကျပ်၊
ဆီတစ်လီတာတစ်ဗူးကို ၇၅၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာကို ၄၀၀၀ ကျပ်၊ ငရုတ်သီးခြောက်
တစ်ပိဿာကို ၂၅၀၀၀ ကျပ်ခန့် ပေးဝယ်နေရပြီး
ယခင်ထက်ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်ကြောင်း မောင်တောမြို့ခံ အမျိုးသမီးတစ်ဦးက
နိရဥ္စရာသို့ပြောသည်။
မောင်တောမြို့နယ်တွင်တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများသည်
လစာ နှစ်ဆရရှိကြသော်လည်း ယခုကဲ့သို့ ကုန်စျေးနှုန်းများ
အဆမတန်မြင့်တက်နေမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
အထူးသဖြင့် ဒေသခံ လက်လုပ်လက်စားပြည်သူများတွင်ဆိုလျှင်
ပိုမိုကျပ်တည်းလျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - မောင်တောမြို့မစျေးကြီးထဲ
ယခုရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ် တစ်သိန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည့်
ငါးသလောက်အား တွေ့ရစဉ်။ (Photo - Aye Tun Aye)