- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
(၎င်းရေယာဉ်များအပြန်တွင် လူကယ်ရီလုပ်ပြီး စစ်တွေသို့ သွားလိုသူတစ်ဦးကို ကျပ် ၁၀သိန်း၊ ရန်ကုန်သို့ သိန်း ၃၀ဖြင့် တင်ဆောင်သွား)
နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၂၂ရက်/၂၀၂၄
ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောသို့ စစ်ကောင်စီမှ ကမ်းထိုးဇက်ရေယာဥ်များဖြင့် စစ်လက်နက်အင်အားများ ထပ်မံဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။
မျက်မြင်ဒေသခံတစ်ဦးက "လက်နက်ကြီးကျည်တွေလို့ ယူဆရတယ်။ ကား ၅ စီးနဲ့ အပြည့် နခခ(၅)ကို တင်သွားကြတာ။ စစ်သားအင်အားတွေလည်းအများကြီးပါလာတာတွေ့ရတယ်" ဟု ပြောဆိုသည်။
၎င်းဇက်ရေယာဥ် နှစ်စီးသည် မေလ ၂၀ ရက် နံနက်တွင် မောင်တောချောင်းဝ (နတ်မြစ်) တွင် ကျောက်ချရပ်နာပြီး စစ်လက်နက်ပစ္စည်းများကို မော်ဘုတ်များဖြင့် မောင်တော ဝင်/ထွက် စခန်း POE ဆိပ်ကမ်းမှ တဆင့် နခခ(၅)သို့ အင်အားဖြည့်တင်းခဲ့သည်ဟု ဆိုသည်။
“ မောင်တောကနယ်စပ်မြို့ဖြစ်နေတော့ စစ်ကောင်စီက အကြီးအကျယ်ကာကွယ်မယ့်ပုံရှိပါတယ်။ လေးမိုင်မှာ တိုက်ပွဲကတော့ လောလောဆယ် အသံတိတ်နေပါတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာမျိုးတော့ ရှိပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
၎င်းဇက်ရေယာဉ်များအပြန်တွင် မောင်တောမှ စစ်တွေသို့ သွားလိုသူ တစ်ဦးကို လိုက်ပါခွင့် ရရေးအတွက် ငွေကျပ် ၈ သိန်းမှ ၁၀ သိန်းအထိ ပေးရပြီး ရန်ကုန်သို့ဆိုလျှင် ငွေကျပ်သိန်း ၃၀ အထိပေးမှ လိုက်ခွင့်ရကြောင်းမောင်တောဒဒေသခံများထံမှသိရသည်။
မောင်တောဒေသခံ မွတ်ဆလင်တစ်ဦးက "မောင်တော ကနေ စစ်တွေကို ကမ်းထိုးယာဉ်နဲ့လိုက်မယ်ဆို ငွေ ၁၀ သိန်း၊ ရန်ကုန်အထိဆို သိန်း ၃၀ အထိပေးရတယ်။ ငွေတတ်နိုင်သူတွေလိုက်သွားကြတယ်။ ငွေမတတ်နိုင်သူတွေကတော့ ဘယ်သွားနိုင်မလဲ။ ကျွန်တော်တို့ မွတ်ဆလင်သူဌေးတွေကတော့ ရန်ကုန်အထိ တစ်ယောက်ကို သိန်း ၃၀ နဲ့လိုက်သွားကြတွေများတယ်" ဟု ပြောသည်။
မောင်တောသို့ ကညင်ချောင်းစီးပွါးရေးဇုန်မှ တစ်ဆင့် မတ်လ နှင့် ဧပြီလ များ၌ စစ်အင်အား၊ လက်နက်အင်အား၊စားနပ်ရိက္ခာ နှင့် လောင်စာဆီများအား ၄ ကြိမ်တိုင်တိုင် အင်အားဖြည့်တင်းခဲ့သည်။
ထိုအချိန်ကလည်း ကမ်းထိုး ဇက်ရေယာဉ်များက စစ်တွေမြို့သို့ သွားလိုသူများကို အစိုးရ ဝန်ထမ်း တစ်ဦးလျှင် ၃ သိန်းကျပ်၊ အရပ်သားတစ်ဦးလျှင် ၅ သိန်းကျပ်ဖြင့် တင်ဆောင်ခေါ်ယူသွားခဲ့သည်ဟု သိရသည်။
လှဖိုးခေါင် နခခ(၁၀) အား အာရက္ခတပ်တော်မှ သိမ်းပိုက်အပြီး မောင်တော ကညင်ချောင်း စီးပွါးရေး ဇုန်၌ ကမ်းထိုးဇက်ရေယာဥ်များ လုံခြုံရေးအရ ဆိုက်ကပ်၍ မရတော့သဖြင့် မောင်တော ချောင်း၀ (နတ်မြစ်) တွင် ကမ်းထိုးရေယာဥ်များ ရပ်နားကာ ထိုမှ တဆင့် မော်တော်ဘုတ်များဖြင့် POE ဆိပ်ကမ်းမှ အင်းအင်းဖြည့်တင်းလျှက်ရှိသည်ဟု သိရသည်။
ယခုလအတွင်း မေလ ၁၅ နေ့တွင် တစ်ကြိမ်၊ မေလ ၂၀ ရက်နေ့တွင် တစ်ကြိမ် မောင်တော ဝင်/ထွက်စခန်း POE မှ အင်အားဖြည့်လာနေခြင်း ဖြစ်သည်ဟု သိရသည်။