အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြေပုံတွင် မိုင်းနင်းမိကာ သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 929

(စစ်ကောင်စီ၏ မြေမြုပ်မိုင်းကြောင့် နေတိုင်းလိုလို အရပ်သားသေဆုံးနေသဖြင့် မိုင်းပညာပေးရေ လုပ်ဆောင်ရန် လိုအပ်နေ)

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ မေလ ၁၇/၂၀၂၄

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ တောင်စိုင်ကမ်းတိုက်နယ်၊ မြိုင်သာယာကျေးရွာမှ သက်ကြီးပိုင်း အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်ကာ သေဆုံးသွားကြောင်းသိရသည်။

သေဆုံးသူမှာ မြိုင်သာယာကျေးရွာမှ ဦးမောင်သာနု(၈၀ နှစ်) ဖြစ်သည်။

သူသည် မေလ ၁၇ ရက် နံနက် ၇ နာရီခန့်တွင် ထင်းရှာသွားရင်း မိုင်းနင်းမိပြီး နံနက် ၈ နာရီခန့်တွင် သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ထင်းရှာသွားရင်း မိုင်းနင်းမိတာပါ။ သူ့မှာ ခြေနှစ်ဖက်လုံးပြတ်သွားတယ်။ ဘယ်ဖက်လက်မှာလည်း ဒဏ်ရာတွေရတယ်။ ဆေးခန်းကိုပို့ဖို့ သွားရာ လမ်းမှာပဲ ဆုံးသွားတာပါ။ ဦးကြီးမှာ သားသမီး ငါးယောက်ကျန်ခဲ့ပါတယ်"ဟု ဆိုသည်။

ဦးမောင်သာနုတွင် သား သုံးဦး၊ သမီး နှစ်ဦး ရှိပြီး ကြုံ‌ရာကျပန်းလုပ်ကိုင်နေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ရခိုင်ကျေးလက်ဒေသများတွင် ပြည်သူများမှာ စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်း အန္တရာယ်ကို သိသော်လည်း စားဝတ်နေရေး အခက်အခဲရှိနေသဖြင့် အသက်ကို လောင်းကြေးထပ်ကာ လုပ်ကိုင် စားသောက်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီသည် သူတို့  တပ်စခန်းချခဲ့ရာ တောတောင်များနှင့် နေရာယူခဲ့သည့်  အနီးဝန်းကျင်နေရာများအပြင် အရပ်သားပြည်သူများ နေ့စဉ်သွားလာလှုပ်ရှား‌နေသည့် လမ်းများ၊ လယ်ယာကမ်းသင်များနှင့် တာတမံဆည်များတွင်  မိုင်းများထောင်ထားသည့်အတွက် ရခိုင်ပြည်သူများ နေ့စဉ်နှင့် အမျှ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။ 

ရခိုင်တွင် ယခုတစ်ကျော့ပြန်တိုက်ပွဲကာလ မတ်လ မှ မေလ ၁၇ ရက်နေ့အထိ  ၂ လခွဲကျော်အထိ မိုင်းပေါက်ကွဲ၍ အပြစ်မဲ့အရပ်သား (၆ )ဦးသေဆုံးပြီး ခြေထောက်ပြတ်ထွက်သူ (၁၉ ) ဦးနှင့် အခြားဒဏ်ရာရသူ (၁၅)ဦးရှိသွားပြီဟု နိရဉ္စရာက ကောက်ယူထားသည့်စာရင်းအရ သိရသည်။

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ ( Landmine & Cluster Munition Monitor) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၃၈၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၄ ဦးရှိ‌ ကြောင်းသိရသည်။

ဓာတ်ပုံ-ပေးပို့

ဆက်စပ် သတင်းများ