တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရန်ကုန်လေဆိပ်တွင် ကျောက်ဖြူမှ ပြန်လာသူ OGT ဝန်ထမ်း ဒေါက်တာဦးကို ဖမ်းဆီးခံရခြင်း နောက်ကွယ်မှာ ဘာတွေရှိနိုင်သလဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 8.9k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇူလိုင် ၁၈/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမှ Posco International (‌OGT) မှ  ဝန်ထမ်းတစ်ဦး ဖြစ်သူ ဒေါက်တာဦးကိုသည် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

‌OGT ဝန်ထမ်း‌ဒေါက်တာဦးကို ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့ တွင် ကျောက်ဖြူမြို့မှ ရန်ကုန်သို့ လေကြောင်းဖြင့် ပြန်လာစဥ်  ရန်ကုန်လေဆိပ်သို့ရောက်သည့်အချိန် မွန်းလွဲ ၁ နာရီခွဲခန့်တွင် စရဖ၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ သူက ကျောက်ဖြူကနေ ရန်ကုန်ကို အလုပ်ကိစ္စကြောင့်ပြန်တဲ့ အချိန်မှာ ရန်ကုန် လေဆိပ်မှာ သတင်းရလို့ စရဖ အဖွဲ့ကအဆင့်သင့်စောင့်နေကြတယ်။ လေယာဥ်ပေါ်က ဆင်းတာနဲ့ တခါထဲဖမ်းသွားတာ။ ရခိုင်လူမျိုးပါ ။အခုအချိန်ထိ ဘယ်နေရာမှာ ထိန်းချုပ် ဖမ်းဆီးထားလဲဆိုတာ မသိရသေးဘူး။ အဆက်အသွယ်မရကြသေးဘူး” ဟုပြောသည်။

ဒေါက်တာ ဦးကို ဖမ်းဆီးခံရသည့် အကြောင်းကို စစ်ကောင်စီက တရားဝင် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသလို မိသားစုများအားလည်း တရားဝင် တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိသေးကြောင်း သိရသည်။

ဒေါက်တာ ဦးကို ဖမ်းဆီးခဲခြင်းမှာ ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့က  ကျောက်ဖြူမြို့ မလကျွန်းရွာမှ တရုတ်- မြန်မာ ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ  ကိုကျော်နိုင်အား  စစ်ကောင်စီ တပ်က ဖမ်းဆီးပြီး သတ်ဖြတ်လိုက်ခြင်းနှင့် ဆက်စပ်မှု ရှိကောင်း ရှိနိုင်သည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးကလည်း သုံးသပ်ပြောဆိုသည်။

“ အခု ကျောက်ဖြူမှာ OGT (Onshore Gas Terminal) တရုတ်-မြန်မာကုမ္ပဏီမှာ  တာဝန် ထမ်းဆောင်နေတဲ့ ကိုကျော်နိုင်ကို ဖမ်းဆီးသတ်ဖြတ်ထားတယ်။ သူတို့က ကုမ္ပဏီတစ်ခုတည်းမှာ လုပ်နေကြတာ။ နုတ်ပိတ်ဖို့ လုပ်ပုံရတယ်။ လိမ်လည်ပြီး ပြောဆိုခိုင်းနိုင်တယ်။ ဒီအမှုနဲ့များဆက်စပ်လို့ ဖမ်းသလားလို့ တွေးမိပါတယ်” ဟု ပြောသည်။


ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်၊ မလကျွန်းရွာမှ ကိုကျော်နိုင် အသက် (၃၄)နှစ်ဖြစ်ပြီး OGT (Onshore Gas Terminal) တရုတ်-မြန်မာကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့က ည ၈နာရီ အချိန်ခန့်က မလကျွန်းရွာရှိ ကာရီ (ငါး၊ပုဇွန်မွေးမြူရေးကန်) သို့ သူငယ်ချင်း နှစ်ယောက်နှင့် အတူသွားစဥ် မလကျွန်းတောင် ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ပြီးနောက် သတ်ဖြတ်ခံလိုက်ရသည်ဟု  မိသားစုများနှင့် သူ၏ မိတ်ဆွေများက ယုံကြည်နေကြသည်။

ကိုကျော်နိုင် ဖမ်းဆီးခံရပြီးနောက် ချက်ချင်းဆိုသလို သေနတ်သံ (၁၅)ချက်ခန့် အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်ဟု ဆိုသည်။ 

ကိုကျော်နိုင်နှင့် မိသားစုများအနေဖြင့် အဆက်အသွယ်မရရှိသေးသလို စစ်တပ်ကလည်း မိသားစုများထံသို့ တစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်း မရှိသေးဖြင့် သေဆုံးသွားပြီဟု ပတ်ဝန်းကျင်တွင် သတင်းများဖြစ်ပေါ်နေသည်။

ဒေါက်တာဦးကို ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသည့်အကြောင်းအရင်းကို လက်ရှိ အချိန်ထိတော့ တစ်စုံတစ်ရာ ပို၍ မသိရှိရသေးသလို ယခုပြောဆိုချက်များ အပေါ်တွင်လည်း သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။  

စစ်ကောင်စီသည် ရခိုင်ပြည်သူများကို ရခိုင်ပြည်အတွင်းမှာသာမက ပြည်မ ရောက် နေသည့် လူငယ်များကို မကြာခဏ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ပုဒ်မ အမျိုးမျိုးတပ်ကာ တရားစွဲဆို အမှုဖွင့်ခြင်းများလည်း ရှိနေကြောင်း လူငယ်များက ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့ တစ်ရက်ထဲတွင် ည(၈)နာရီခန့်အချိန်က ရန်ကုန်မြို့ လှိုင်မြို့နယ်(၁၆) ရပ်ကွက်၊ မာလာမြိုင်(၈)လမ်းတွင် နေထိုင်သည့် လူငယ် (၃)ဦးကို လှိုင်မြို့မ ရဲစခန်းမှ ရဲများနှင့် စစ်ကောင်စီ စစ်သားများက နေအိမ်သို့လာရောက် ဖမ်းဆီးသွားပြီး လှိုင်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။ ( Photo: THL)

 

ဆက်စပ် သတင်းများ