- Web Master
- ၀၄ သြဂုတ် ၂၀၂၂
နိရဥ္စရာ၊ ဇွန်လ ၁၆/ ၂ဝ၁၉
မြန်မာနိုင်ငံတွင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ဆောင်ရွက်ရန် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားများသည် တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ Nationalities Alliance (Burma) ကို ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဦးသိန်းမောင်က ပြောကြာသည်။
“ အဓိကတော့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ဘဲ။ ဒါကို ရရှိရေးအတွက် ကျွန်တော်တို့ လူမျိုး ၇မျိုး လက်တွဲ ကြိုးပမ်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်” ဟု ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
၎င်းအဖွဲ့ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်တွင် ဇွန်လ ၁၅ ရက် စနေနေ့က ပထမဆုံး အကြိမ် ပြုလုပ်သည့် Ethnic Nationalities Conference ကွန်ဖရင့်တွင် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
၎င်းကွန်ဖရင့်သို့ ဗမာလူမျိုး ကိုယ်စားလှယ်မှ အပ ကချင်၊ ကရင်၊ မွန်၊ ချင်း၊ ကယား၊ ရှမ်းနှင့် ရခိုင် လူမျိုး ၇ မျိုးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
“ လူမျိုး အစုဖွဲ့ တစ်ခုကိုယ်စားလှယ် ၅ ဦးစီတက်ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ရခိုင်ကဆိုရင် ရခိုင်အမေရိကန် လူအဖွဲ့အစည်းက ကျနော်ရယ်၊ ကိုသိန်းထွန်းစံရယ်၊ နောက် ကိုမောင်ခိုင်ညို၊ ကိုခိုင်မျိုးထွန်းနဲ့ ကိုမောင်အေးချေတို့ တက်ရောက်ခဲ့ပါတယ်” ဟု ကိုဦးသိန်းမောင်က ပြောဆိုသည်။
မဟာမိတ် အဖွဲ့အစည်းအနေဖြင့် ဟန်ချက်ညီညီ အချိတ်အဆက်ရှိရှိဖြင့် တိုင်းရင်းသားလူမျိုး အချင်းချင်းကြားတွင် တစ်ဦးနှင့် တစ်ဦး နားလည်မှုနှင့် လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်သလို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် လက်တွဲ ဆောင်ရွက်သွားကြမည်ဟု ပြောဆိုသည်။
" ဒီမြန်မာနိုင်ငံထဲမှာ ရှိတဲ့ ဒီဗမာမဟုတ်တဲ့ လူမျိုးတွေရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းမှု ရရှိနိုင်ဖို့အတွက်ပေါ့နော် ဦးတည်ပြီးတော့ ဒါဒီမိုကရေစီကျကျ ကျနော်တို့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့ အချင်းချင်းကြားမှာ အချိတ်ဆက်ညီညီနဲ့ network ပုံစံမျိုးမျိုးတွေ လုပ်ပြီးတော့ ကျနော်တို့ ဟန်ချက်ညီညီနဲ့ အလုပ်ဆက်လုပ်ဖို့အတွက် သဘောတူညီထားတာတွေ ရှိပါတယ် " ဟု ၎င်းက ပြောဆိုသည်။
တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ Nationalities Alliance (Burma) ၏ ဒါရိုက်တာဘုတ်အဖွဲ့ ၁၄ ဦးရွေးချယ်ထားကြောင်း၊ အတွင်းရေးမှူးအဖွဲ့ ၃ ယောက်ကိုရွေးချယ်ထားကြောင်း၊ ၎င်းတို့မှာ အထွေထွေအတွင်းရေးမှုး M Tu Aung၊ တွဲဖက်အထွေထွေအတွင်းရေးမှုး Dai Lai Htoo၊ တွဲဖက် အထွေထွေအတွင်းရေးမှုး (Thein Tun Zan) တို့ဖြစ်ကြသည်။
အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် - Oo Thein Maung (မြန်မာဘာသာ) နှင့် Wai Linn (အင်္ဂလိပ်ဘာသာ)
တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံက တိုင်းရင်းသား အဖွဲ့အစည်းများ စုပေါင်းပြီး အမေရိကန်ပြည်ထောင်စုတွင် ယခုလို မဟာမိတ်အဖွဲ့ ဖွဲ့စည်းခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပြီး တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီးလည်း လုပ်ငန်းစဉ်များရေးဆွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။