- Web Master
- ၀၄ သြဂုတ် ၂၀၂၂
သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၆/ ၂၀၂၁
ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်မင်္ဂလာကြိုးတံတားကို ကွန်ကရစ်တံတားအဖြစ်ဆောက်လုပ်ပေးရန် ဒေသခံများက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် တွေ့ဆုံစဉ် တောင်းဆိုလိုက်သည်ဟု သတင်းရရှိသည်။
အောက်တိုဘာလ ၅ ရက် နံနက်က ပုဏ္ဏားကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့မိမြို့ဖများ၊ ဒေသခံများတွေ့ဆုံပွဲတွင် ယခုကဲ့သို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
တောင်းဆိုရာတွင် ၎င်းအချက်အပါအဝင် အချက် ၅ ချက် ပါဝင်သည်ဟု သိရသည်။
၎င်း ၅ချက်မှာ ဦးရာဇ်မင်္ဂလာကြိုးတံတားကို ကွန်ကရစ်တံတား အဖြစ်ဆောက်လုပ်ပေးရန်၊ ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံတွင် ထရန်စဖော်မာများတပ်ဆင်ပေးရန်၊ ပုဏ္ဏားကျွန်းမြို့တွင် မီးသင်္ဂြိုလ်စက် ဆောက်လုပ်ပေးရန်၊ ယိုးတရုပ်တိုက်နယ်ပြည်သူ့ဆေးရုံကို အသစ်ပြန်လည် ပြုပြင်ပေးရန်နှင့် ပိုးရွှီပြင်ရွာအပါအဝင် အနီးအနားကျေးရွာများကို လျှပ်စစ်မီး ၂၄ နာရီထုတ်လွှတ်ပေးရန် စသည့်အချက်များဖြစ်သည်။
ပြုပြင်ပေးရန်တောင်းဆိုခဲ့သည့်အချက် ၅ ချက်တွင်ပါဝင်သော ဦးရာဇ်မင်္ဂလာကြိုးတံတားမှာ ခိုင်ခံ့မှုမရှိတော့သည့်အတွက် တံတားအသုံးပြုသူများနှင့် ဘုရားဖူးသူများစိတ်ချမ်းသာမှုရှိစေရန် တောင်းဆိုခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်ရွှေသိန်းက နိရဥ္စရာကို ပြောသည်။
“တံတားက ဟောင်းနေပြီ။ ဘုရားဖူးလာတဲ့သူတွေများတဲ့အတွက် ကြိုးတွေပျက်သွားမှာ စိုးရိမ်ရတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းစေချင်ပါတယ်”ဟု ပြောသည်။
ယင်းအပြင် ယိုးတရုပ်တိုက်နယ်ပြည်သူ့ဆေးရုံသည် လက်ရှိတွင် ကျိုးပဲ့ပျက်စီးနေပြီး ဆရာဝန်၊ ဆေးရုံခန်းများအပြည့်အစုံမရှိ၍ ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးဦးစံအောင်သိန်းက နိရဥ္စရာကို ပြောသည်။
“ဆေးရုံဆောက်ဖို့လိုအပ်နေတာကြာပါပြီ။ အရင်ကလည်း ခဏခဏတောင်းဆိုဖူးပါတယ်။ ဆေးရုံကပျက်စီးနေတော့ အခက်ခဲတွေလည်းရှိတယ်။”ဟု ပြောသည်။
အဆိုပါဆေးရုံကို ပုဏ္ဏားကျွန်းမြို့နယ်အပြင် ကျောက်တော်နှင့် မြောက်ဦးဘက်ကလည်း လာရောက်အားထားနေရသည်ဟု သိရသည်။
ယခုတောင်းဆိုချက် ၅ ချက်နှင့်ပတ်သက်ပြီး ပြန်လည်စိစစ်ဆောင်ရွက်ပေးသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းက ပြောဆိုသွားခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူများက ပြောသည်။
ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့မြင်ကွင်းအား ဦးရာဇ်တော်ဓာတ်စေတီရင်ပြင်မှ မြင်တွေ့ရစဉ်။