သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတွင် တစ်နေ့တည်း၌ ဘင်္ဂလားဒေ့ရှ်မှနယ်စပ်ကုန်သွယ်၍ပြန်လာသည့် လှေသမား ၉ ဦးအပါအဝင် ၁၁ ဦး ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

မြထွီးသျှင်
နိရဥ္စရာ၊ နိုဝင်ဘာ ၃၀/၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက် တစ်ရက်တည်း၌ ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ကုန်သွယ်၍ပြန်လာသူ ၉ ဦးအပါအဝင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၁ ဦးရှိကြောင်း သိရသည်။
ကိုဗစ်ပိုးတွေ့ရှိသူများမှာ နယ်စပ်ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် လှေသမား ၉ ဦးနှင့် လေကြောင်းဖြင့်ခရီးသွားရန် စစ်တွေတက္ကသိုလ်ကျောင်းဟောင်းတွင် ကိုဗစ်စစ်ဆေးရာ၌တွေ့ရှိသည့် ၂ ဦးတို့ဖြစ်ကြောင်း Rakhine Covid -19 Watch အဖွဲ့က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် လှေသမား ၉ ဦးမှာ စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကွာရန်တင်းဝင်နေကြသူများဖြစ်ပြီး ယနေ့တွင် လှေသမား ၂၆ ဦးအား ကိုဗစ်ပိုးစစ်ဆေးရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ကုန်သည်များအသင်း ဥက္ကဋ္ဌဦးတင်အောင်ဦးက နိရဥ္စရာသို့ အတည်ပြုပြောသည်။
"ကွာရန်တင်းဝင်ထားတဲ့အထဲကတွေ့တာပါ။ သူတို့က ကွာရန်တင်း ၁၀ ရက်ဝင်ရပြီးတော့ ကျန်းမာရေးက နှစ်ကြိမ်စီ ကိုဗစ်စစ်တယ်"ဟုပြောသည်။
ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ကုန်သွယ်ရေးဖြင့်ပြန်လာသူများကို စစ်တွေမြို့ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ခရိုင်ကိုဗစ်ထိန်းချုပ်ရေးအစီအမံဖြင့် မိမိတို့၏ လှေ၊ သင်္ဘောများပေါ်တွင်သာ ကွာရန်တင်း ၁ဝ ရက်ဝင်ရခြင်းဖြစ်သည်။
ကိုဗစ်ပိုးတွေ့ရှိသူများကို လက်ရှိတွင် စစ်တွေဆေးရုံကြီးသို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။
ဘင်္ဂလားဒေ့ရှ်သို့ကုန်သွယ်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်ဖြစ်ပွားမှုများလာ၍ ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လမှစတင်ကာ ၈ လခန့်ပိတ်ထားခဲ့ပြီး ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
၃ လကျော်ကြာဖွင့်လှစ်ခဲ့ပြီးနောက် ရခိုင်တွင် ကိုဗစ်တတိယလှိုင်းထပ်မံဖြစ်ပွားလာပြီး နယ်စပ်ကုန်သွယ်ပြီးပြန်လာသည့်လှေသမားအချို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုများလာခဲ့သည့်အတွက် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထပ်မံပိတ်ထားခဲ့ရပြန်သည်။
ယင်းနောက် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်တွင် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယနေ့တွင် ကိုဗစ်ပိုးစတင်တွေ့ရှိလာခြင်းဖြစ်သည်ဟု သိရသည်။
Photo - Tin Aung Oo


ဆက်စပ် သတင်းများ