သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတွင် လေကြောင်းခရီးသည် နောက်ထပ်ခုနှစ်ဦး၌ ကိုဗစ်ပိုးတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5k

အေးမြတ်ခိုင်

နိရဥ္စရာ၊ ဒီဇင်ဘာ ၁/၂၀၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မှ လေယာဥ်နှင့်ထွက်ခွာမည့် ခရီးသည်များကို ယနေ့ နံနက်က ကိုဗစ်- ၁၉ စစ်ဆေးရာ စ်မနက်တည်းတွင် ခရီးသည် ၇ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေကောလိပ်ကျောင်းဟောင်းတွင် လေကြောင်းဖြင့် သွားလာမည့်ခရီးသည်များကို ယနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ RTD စစ်ဆေးစဉ် ခရီးသည် ၇ ဦး၌ ထိုသို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း Rakhine Covid-19 Watch မှ ကိုဇော်လှိုင်ထွန်းက နိရဥ္စရာကို အတည်ပြု ပြောဆိုသည်။

" တွေ့တာက ဆရာတော်နှစ်ပါး၊ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီး သုံးယောက်မှာ တွေ့တာပါ။ ဒါက ဒီနေ့မနက်က စစ်တာနဲ့  Positive  ထွက်တာပါ"ဟု ပြောသည်။

လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး နည်းဆုံး ၁၄ ရက်ပြည့်ပြီးသူ လေကြောင်း ခရီးသည်များကို ကိုဗစ် စစ်ဆေးမှုမရှိတော့သော်လည်း ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် မထိုးရသေးသူများကို စစ်တွေ ကောလိပ်ကျောင်းဟောင်းတွင် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း လေကြောင်းဖြင့် သွားမည့် ခရီးသည်များကို  စစ်တွေကောလိပ်ကျောင်းဟောင်းတွင် စစ်ဆေးရန် ကိုဗစ်လူနာ ၂ ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။ ၎င်းအပြင် စစ်တွေ၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှကုန်သွယ်၍ ပြန်လာသည့် လှေသမား ၉ ဦးတွင်လည်း ယမန်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။ 

ယခုကဲ့သို့ ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ တစ်ဖန်ပြန်၍ များလာသဖြင့် ခြောက်သွေ့ရာသီတွင် ပြုလုပ်မည့် ဘုရားပွဲများနှင့်  ပျော်ပွဲရွှင်ပွဲများကို လူစုလူဝေး မဖြစ်နိုင်ရန် အတတ်နိုင် ဆုံး ထိမ်းထိမ်းသိမ်းသိမ်း ကျင်းပ ပြုလုပ်သင့်သည်ဟု ကိုဇော်လှိုင်ထွန်းက ပြောဆိုသည်။

ဆက်စပ် သတင်းများ