သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်စစ်ဘေးရှောင် ၆ဝကျော် နေရပ်ပြန်ခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဧပြီ ၂/ ၂၀၂၁
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ၆၂ ဦးက ၄င်းတို့၏ နေရပ်သို့ ပြန်ရန် အဆိုပြုလာ၍ ပြန်ခွင့်ပြုလိုက်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၁ ရက်နေ့က ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် အိမ်ပြန်သွားသူ ၆၂ ဦး အကြောင်းကို သူက ယခုလို ပြောကြားသည်။
“တချို့ တိုက်ပွဲရှောင်စခန်းထဲမှာ လူ ၁၀၀ ရှိတယ်ဆိုတဲ့အထဲက ကိုယ့်သဘောနဲ့ကို ကျွန်တော်တို့ ပြန်ပါရစေဆိုပြီး အဆိုပြုတဲ့သူတွေ ရှိတယ်။ ဆိုတော့ အဲဒီလူတွေပြန်ချင်တယ်ဆိုရင် ပြန်ဖို့ ခွင့်ပြုတယ်။ အဲဒီလိုခွင့်ပြုဖို့အတွက် သူတို့ပြန်မယ့်ရွာမှာ ကျွန်တော်တို့က မိုင်းရှင်းပြီးသားဖြစ်ပါတယ်။ မိုင်းမရှင်းဘဲတော့ မပြန်ခိုင်းဘူး။ သူတို့ပြန်မယ်ဆိုတဲ့ရွာမှာ ကျွန်တော်တို့က မိုင်းရှင်းပြီးသားလည်း ဖြစ်တယ်။ ပြန်လည်းပြန်ချင်တယ်ဆိုရင် သူတို့နဲ့ ညှိနှိုင်းတယ်။”
အဆိုပါ နေရပ်ပြန်မည့် စစ်ဘေးရှောင် ၆၂ ဦးအားတို့ထဲမှ အိမ်ထောင်စု တစ်စုစီကို ငွေကျပ် ၅ သိန်းထောက်ပံ့ပေးသွားမည့်အပြင် စားရိက္ခာတစ်လစာစီကိုလည်း ထောက်ပံ့ပေးသွားမည်ဟု သူက ဆက်ပြောသည်။
“လူဦးရေက ၆၂ ယောက်။ အိမ်ထောင်စုက ၁၄ စုပါ။ တစ်အိမ်ကို ပိုက်ဆံ ၅ သိန်းလောက်တော့ ထောက်ပံ့ပါပြောလို့ ပေးမယ်ပေါ့။ သူတို့အိမ်တွေကို ပြန်ပြုပြင်ဖို့အတွက်။ ပြီးတော့ ရိက္ခာတစ်လစာပေးမယ်။ ပြန်မယ့်စခန်းတွေက ပဲပဒုံစစ်ရှောင်စခန်းက အိမ်ထောင်စု နှစ်စု၊ သူတို့က စညင်းရွာကို ပြန်မယ်။ နောက် အမ်းက အားကစားခမ်းမက အိမ်ထောင်စု ခုနှစ်စုက ဂြိတ်ချောင်းရွာကို ပြန်မယ်။ နောက် လေယာဉ်ကွင်း စစ်ရှောင်စခန်းက မိသားစုတစ်စုက ဆင်ဦးတိုက်ကို ပြန်မယ်။ စျေးတောင်ရပ်ကွက်စခန်းက ဆင်ဦးတိုက်ကို နှစ်မိသားစု ပြန်မယ်။ မြောက်ဘက်ရပ်ကွက်စခန်းက ဖရုံချောင်းရွာကိုတစ်စု၊ စျေးရပ်ကွက်က အိမ်ထောင်စု တစ်စုက အုန်းတင်ချောင်းကို ပြန်မယ်။” ဟု ပြောသည်။
မိမိတို့၏ ကျေးရွာ၌ လယ်၊ ယာခင်း၊ ဥယာဉ်များ ကျန်ရှိနေခဲ့၍ အိမ်ပြန်ကာ ပုံမှန်အတိုင်း လုပ်စားချင်၍ အစိုးရထံသို့ အိမ်ပြန်ရန် တင်ပြရခြင်းဖြစ်ကြောင်း မြေပုံမြို့နယ် စညင်းကျေးရွာမှ အမ်းမြို့နယ် ပဲပဒုံစစ်ဘေးစခန်းတွင် ဝင်ရောက်ခိုလှုံနေသည့် ချင်းတိုင်းရင်းသူ မတင်နီလာက ပြောသည်။
“ကျွန်မတို့မှာ ရွာမှာ လယ်တွေ ဥယာဉ်တွေ အကုန်ကျန်ခဲ့တယ်။ ရွာမှာသွားပြီး ပုံမှန်အတိုင်း လုပ်စားတော့မလို့ အစိုးရထံတင်ပြတာပါ။ ကိုယ့်အိမ်ကို မပြန်ချင်တဲ့သူကတော့ ဘယ်ရှိပါ့မလဲ။ တိုက်ပွဲတွေ ထပ်ဖြစ်ရင်တော့ အသက်မှအသေမခံနိုင်တာ ထပ်ပြေးရမှာပေါ့ ” ဟု သူမက ပြောသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်ဦးရေမှာ လက်ရှိ အချိန်တွင် တစ်သိန်းကိုးသောင်း လေးထောင်ကျော် ကျန်ရှိနေသေးကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ အတွင်းက ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) က ထုတ်ပြန်ခဲ့သည်။

ဆက်စပ် သတင်းများ