သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တွေမြို့တွင် ဆန်နှင့်စားသုံးကုန်ပစ္စည်းများ၏ စျေးနှုန်း အနည်းငယ်မြင့်တက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 758

ဇော်ဝင်းဌေး၊ ဇွဲဓန
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၈ / ၂၀၂၁

တပ်မတော်က တိုင်းပြည်အာဏာသိမ်းလိုက်ပြီးနောက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဆန်နှင့်စားသုံးကုန်ပစ္စည်းများ၏ စျေးနှုန်းအနည်းငယ် မြင့်တက်လာသည်ဟု သတင်းရရှိသည်။

စစ်တွေမြို့တွင် ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဦးမောင်မောင်သန်းက “ ဆန်စျေးနှုန်းကတော့ အရင်ကထက်တော့ အနည်းငယ်တက်လာပါတယ်။ ဆန်တစ်အိတ်က ဆိုရင် အရင်ကထက် နှစ်ထောင်ကျပ်လောက် ပိုပြီး တက်လာတယ်။ ရောင်းအားကတော့ တိုးလာပါတယ်၊ နယ်တွေဘက်ကိုလည်း အရင်ကထက် ပိုပြီးတော့ တင်ပို့ရတယ်” ဟုပြောသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် ဆန္ဒပြမှုများ အဆက်မပြတ်ပေါ်ပေါက်လာသဖြင့် ပြည်သူများအကြား စိုးရိမ်မှုများနှင့်အတူ ဆန်ဝယ်ယူစုဆောင်းမှုများလည်း ရှိလာသဖြင့် လက်ရှိတွင် ဆန်စျေးနှုန်းမှာ အနည်းငယ် မြင့်တက်လာခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဆန်စျေးများမှာ ပေါ်ဆန်မွှေးတစ်အိတ် (၂၄ပြည်)ကို ယခင် ၃၁၀၀၀ကျပ် ရှိရာမှ ၃၃၀၀၀ ကျပ်သို့လည်းကောင်း၊ ရွှေဝါထွန်း ဆန်စျေးမှာ ၁၉၀၀၀ ကျပ်မှ ၂၁၀၀၀ ထိလည်းကောင်း၊ ငစိန်တစ်အိတ်ကို ၁၈၀၀၀မှ ၁၉၅၀၀ ကျပ်ထိ အသီးသီးမြင့်တက်သွားပြီး ပျှမ်းမျှအားဖြင့် ဆန်တစ်မျိုးလျှင် နှစ်ထောင်ကျပ်ခန့် မြင့်တက်သွားသည်ဟု ၄င်းကဆက်ပြောသည်။

မီးဖိုချောင်းသုံးပစ္စည်းများမှာလည်း ကြက်သွန်စျေးနှုန်းမှလွှဲ၍ အနည်းငယ်စီ မြှင့်တက်သွားသည်ဟု ပစ္စည်းများ ရောင်းချနေသူ ဦးလှမောင်သိန်းက ပြောသည်။

“ စားသုံးဆီစျေးတွေလည်း မြင့်တက်ပါတယ်။ ငရုတ်သီးကလည်း ပြတ်လပ်နေတဲ့အတွက်ကြောင့် စျေးနှုန်းအနည်းငယ်မြင့်တက်ပါတယ် ကြက်သွန်ဖြူကလည်း တစ်ပိဿာကို ငါးရာကျပ်လောက် မြင့်တက်ပါတယ်။ ကြက်သွန်နီက စျေးမတက်ဘူး။ ဟင်းချိုမှုန့် ကတော့ စျေးအနည်းငယ် တိုးသွားပါတယ်” ဟုပြောသည်။

တိုင်းရေးပြည်ရေးများ ငြိမ်သက်လာပြီး ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေလာပါက ကုန်စျေးနှုန်းများပုံမှန်ဖြစ်သွားနိုင်ကြောင်း၊ ကုန်စျေးနှုန်းပိုတက်လာမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ အရောင်းအဝယ်လုပ်တာကတော့ ဆန်ထွက်ပစ္စည်း အကုန်လုံး လုပ်ကိုင်ပါတယ်။ သယ်ယူ ပို့ဆောင်ရေးကတော့ လက်ရှိအချိန်ထိ အဆင်ပြေပါတယ်။ ရန်ကုန် ၊ မန္တလေး ၊ သံတွဲ၊ ကျောက်ဖြူ စတဲ့ ကုန်သွယ်ရေးလမ်းတွေကနေတစ်ဆင့် အဓိက ကုန်သွယ် နေတာပါ” ဟု ၎င်းတို့က ပြောကြား သွားသည်။

ဆက်စပ် သတင်းများ