တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

စစ်ကောင်စီနှင့် စစ်ရေးလေ့ကျင့်ရန် ရုရှား စစ်ရေယာဉ် လေးစင်းမြန်မာသို့ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 210

နိရဉ္စရာ၊ အောက်တိုဘာ ၂၁/၂၀၂၄

ရုရှားရေတပ် Russian Pacific fleet မှ စစ်ရေယာဉ် လေးစင်းသည် စစ်ရေးလေ့ကျင့်ရန်  မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း စစ်ကောင်စီပိုင် သတင်းစာများတွင် ရေးသားဖော်ပြသည်။

၎င်းရေယာဉ်များ ရောက်ရှိလာခြင်းမှာ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။

ရောက်ရှိလာသည့် ရေယာဉ် ၄ စင်းမှာ ရုရှားရေတပ် Russian Pacific fleet မှ ကော်ဗက် စစ်ရေယာဉ်များ ဖြစ်ကြသည့် စစ်ရေယာဉ် Gromky၊ စစ်ရေယာဉ် Rezky နှင့် စစ်ရေယာဉ် Tsydenzhpov နှင့် ထောက်ပံ့ရေး ရေယာဉ် Pechenga တို့ဖြစ်ကြသည်။

၎င်းရေယာဉ်များသည် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့  အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းက ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။


ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာ လည်ပတ်ခြင်းနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်း   ( Harbour Phase) များ ပြုလုပ်သွားမည်ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific fleet မှ captain 1st rank Antsiferov Alexey Vitalievich ဦးစီးသည့် အရာရှိ စစ်သည်များ လိုက်ပါလာသည်ဟု သိရသည်။

စစ်ကောင်စီသည် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ကျည်အစစ်ပစ်ခတ်မှုများ ပါဝင်သည့်  ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလ ၂၀ ရက်က စတင်ပြီး နောက် ၅ ရက်ကြာပြုလုပ်နေသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

မြိတ်မြို့ အနောက်ဘက် မိုင် ၈၀ ကျော်အကွာ ကဘူဇာကျွန်း အနောက်ဘက် ရေမိုင် ၁၀ မိုင်၊ ရဲတံခွန် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်ကနေ မြောက်ဘက် ၁၀ မိုင်အကွာ ရေမိုင် ၆၀ ပတ်ပတ်လည် အကွာအဝေးအတွင်းမှာ ပြုလုပ်နေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ