သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြေပုံ-စစ်တွေခရီးသည်တင်ကား တိမ်းမှောက်၍ ဟင်းရောင်းသည့် အမျိုးသမီး ၁ ဦး ကားပိသေဆုံး၊ ခရီးသည် ၈ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.2k

နိရဥ္စရာ၊ ဇူလိုင် ၂၁/၂၀၂၂
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ယနေ့ နံနက်က မြေပုံ-စစ်တွေခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ခဲ့၍ ဟင်းရောင်းရန်သွားနေသည့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ကားပိ သေဆုံးကာ ကားပေါ်ပါခရီးသည် ၈ ဦးစလုံး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူမှာ မင်းပြားမြို့နယ် သစ်ပုတ်တောင်ကျေးရွာမှ အသက် ၆၇ နှစ်အရွယ် ဒေါ်မရွှေစိန်ဖြစ်သည်။
မြေပုံမြို့မှ စစ်တွေသို့ထွက်ခွာလာသည့် ခရီးသည်တင်ကားတစ်စီးသည် ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က မင်းပြားမြို့နယ် သစ်ပုတ်တောင်ကျေးရွာသို့အရောက်တွင် သစ်ပုတ်တောင်းရွာစျေးသို့ ဟင်းရောင်းရန်သွားနေသည့် ဈေးသည် ဒေါ်မရွှေစိန်ကိုတိမ်းရှောင်ရာမှ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှအောင်က ပြောသည်။
“လမ်းမှာက မိုးနည်းနည်းရွာထားတော့ ရွှံ့တွေ နည်းနည်းတက်နေတော့ ရွှံ့တွေနဲ့ လမ်းချောပြီးတော့ မှောက်သွားတာထင်တယ်။ အဲဒီကားဟာ သုံးဘီးတစ်စီးကိုလည်း ရှောင်တယ်ကြားတယ်။ အဲဒီမှာ ကားကလည်း ဟိုဖက်ရွေ့၊ ဒီဖက်ရွေ့နဲ့ ဟင်းရောင်းဖို့သွားတဲ့ ဟင်းသည်မကိုပါရှောင်ရင်းနဲ့ ကားပါမှောက်သွားတယ်။ ဟင်းသည်မလည်း တစ်ခါတည်း ပိသွားတယ်။ အဲဒီဟင်းသည်မ ဆုံးသွားတယ်” ဟုပြောသည်။
ယင်းကားတွင် ခရီးသည် ၈ ဦးနှင့် ကားဒရိုင်ဘာ ၂ ဦး စုစုပေါင်း ၁၀ ဦးလိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ခရီးသည် ၈ ဦးစလုံး ဒဏ်ရာရသွားခဲ့ကာ ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သူက ဆက်ပြောသည်။
“ဒရိုင်ဘာ ၂ ယောက်ကပဲ လွတ်တယ်။ ကျန်တဲ့သူတွေကတော့ အားလုံး နည်းနည်းပါးပါး ထိခိုက်ဒဏ်ရာရတာတွေရှိပါတယ်။ လက်မှာဒဏ်ရာရသွားတဲ့ မိန်းကလေးတစ်ယောက်ကတော့ များတယ်ပြောတယ်။ အသားပဲ့ထွက်သွားပြီးတော့ အရိုးပါမြင်ရတဲ့အဆင့်ဖြစ်သွားတယ်။ ဒဏ်ရာများတဲ့သူက ၃ ယောက်လို့ကြားတယ်” ဟုပြောသည်။
လက်ရှိတွင် ဒဏ်ရာရသွားသူများမှာ မင်းပြားဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ကားဒရိုင်ဘာ ၂ ဦးကိုမူ ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ခေါ်ဆောင်သွားသည်ဟု သိရသည်။ (NN-3)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ