သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် ဘင်္ဂလားဒေရ်ှ့သို့တရားမဝင်ဆေးသွားကုသရန်သွားရောက်ပြီး ပြန်လာသူတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 5.6k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ ဇွန် ၁၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ဆေးသွားကုသရန်သွားခဲ့ပြီး ပြန်ဝင်လာသူ အသက် ၆ဝ ကျော်အရွယ် အမျိုးသားတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိ ခဲ့သည်ဟု ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က နိရဥ္စရာသို့ အတည်ပြုပြောသည်။

"မောင်တောနဲ့ ဘူးသီးတောင်က သူတွေဟာ အားလုံး အဲလို ဆေးကုဖို့ဆိုပြီးသွားကြတယ်။ ဘယ်လို သွားကြလဲတော့ ကျနော်လည်း မသိဘူး။ သူတို့ပြောလို့ သိတာ။ တရားမဝင် ခိုးဝင်ခိုးထွက်ချည်းပဲအားလုံး"ဟု ဦးရွှေလှအောင်က ပြောသည်။

ရောဂါပိုးတွေ့ရှိသူမှာ အသက် ၆၃ နှစ်အရွယ် မူဆလင်အမျိုးသားဖြစ်ပြီး သူသည် ဆီးချို၊ သွေးချိုနှင့် C ပိုးရောဂါ ခံစားနေရသူ ဖြစ်သည်ဟု ဆိုသည်။ 

၎င်းသူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာမကြာ ဆေးသွားကုနေသူ ဖြစ်သည်ဟု ပတ်ဝန်းကျင်၏ တိုင်တန်းချက်အရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးကြရာ ဆေးသွားကုသည်မှာ မဟုတ်မှန်ဟု ပိုးတွေ့လူနာက ကျမ်းကျိန်ငြင်းကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

"သူ့မှာ ဘူးသီးတောင်က အိမ်မှာ သူအပါအဝင် မိန်းမရယ်၊ မိသားစု ၆ ယောက်ရှိတယ်။ ၆ ယောက်ကို နှာခေါင်းတို့ဖတ်တို့ ဘာတို့ယူတယ်။ ယူပြီး သော့ပိတ်တယ်။ အိမ်ကို သော့ပိတ်ထားတယ်။ သော့ပိတ်ပြီးတော့ နှာခေါင်းတို့ဖတ်တို့ ဘာတို့ပို့လိုက်တဲ့ အခါ ဒီနေ့ ၁၅ ရက်နေ့ စောစော ၇ နာရီလောက်မှာမှ သူ့မှာ တွေ့တယ်။ သူ့မိသားစုမှာ မတွေ့ဘူး"ဟု ဦးရွှေလှအောင်က ပြောသည်။

ပိုးတွေ့လူနာသည် မေလ ၂၉ ရက်နေ့တွင် မောင်တောမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နောက်ဆုံးအကြိမ် သွားရောက်ဆေးကုသခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဆိုသည်။

လက်ရှိတွင် ပိုးတွေ့လူနာကို ဘူးသီးတောင်မြို့ဆေးရုံတွင် ပို့ဆောင်ထားပြီး သူ့မိသားစုဝင် (၅)ကိုလည်း မောင်တော မြို့နယ် လှဖိုးခေါင်ကြားစခန်းသို့ ပို့ဆောင်ရန်စီစဉ်ထားသည်ဟုဆိုသည်။ ယင်းအပြင် ပိုးတွေ့ လူနာနှင့် ပတ်သက်ခဲ့သူများကိုလည်း လိုက်လံစုံစမ်းနေပြီး လှဖိုးခေါင်ကြားစခန်းသို့ ပို့ဆောင်မည်ဟုလည်း သိရသည်။

ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက "မောင်တောခရိုင်မှာ နယ်ခြားစောင့်တပ် (၈)ရင်းရှိတယ်။ ဒီလောက် လုံခြုံရေးရှိရဲ့နဲ့ အခုလို တစ်ယောက်မှ မသိလိုက်ဘဲ ဝင်ရောက် နေထိုင်တယ်ဆိုရင် နိုင်ငံတော်ရဲ့ လုံခြုံရေး အတွက်သော်လည်းကောင်း၊ အခုဖြစ်နေတဲ့ Covid – 19 ရောဂါ အတွက်သော်လည်းကောင်း အလွန်တရာမှ ဆိုးကျိုးကို ဖြစ်စေတယ်။ ဒါဟာ ရခိုင်ပြည်နယ် အစိုးရတစ်ခုတည်းမဟုတ်ဘဲ ဒါဟာ ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်တယ်။ ဒါဟာ နယ်စပ်ဖြစ်တဲ့အတွက်ကြောင့်၊ အစိုးရနှစ်ရပ်စလုံးမှာ တာဝန်ရှိတဲ့အတွက်ကြောင့်၊ ဒီ တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဒီလိုပုံစံမျိုး နောက်ထပ် မဖြစ်ဖို့အတွက် သင့်တော်တဲ့၊ သင့်တင့်တဲ့ ပြစ်ဒဏ်တွေကိုတော့ အရေးယူပေးဖို့ လိုအပ်တယ်လို့ အဲလိုမြင်ပါတယ်။ အဲလိုသာ မလုပ်ခဲ့ဘူးဆိုရင် နောက်ဆက်တွဲလည်း ဒီလို ခိုးဝင်မှုတွေ ဖြစ်လာမယ်"ဟု နိရဥ္စရာသို့ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသည့် ၂၆ နှစ်အရွယ် မူဆလင်တစ်ဦးထံမှလည်း ဇွန်လ ၁၁ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ဇွန်လ ၁၅ ရက်နေ့အထိ ဘူးသီးတောင်မြို့နယ်တွင် နှစ်ဦး၊ မောင်တောမြို့နယ်တွင် လေးဦး၊ တောင်ကုတ်မြို့နယ်တွင် တစ်ဦးနှင့် သံတွဲမြို့တွင် တစ်ဦး၊ စုစုပေါင်း ၈ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိထားပြီဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ လူမျိုးမရွေး၊ ဘာသာမရွေး ကူးစက်နိုင်သဖြင့် လူမျိုးပေါင်းစုံနေထိုင်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ကျန်းမာရေး အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုအပ်နေကြောင်း လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူများက ပြောကြားသည်။ 


ဆက်စပ် သတင်းများ